အပိုင်း (၅၂) : ပန့်ခ် တော်လှန်ရေးသမား


ဗမာတွေကြား ပျံ့နှံ့နေတဲ့ လက်ရှိဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်အဟုန် မကောင်းလာသေးခင် ကာလထဲက သူ့ရဲ့ကိုယ်ပိုင်နိုင်ငံရေး နိုးကြားမှုက ရှိနေနှင့်ပြီးသားပါ။ အဲ့ဒီ ထူးခြားတဲ့ လွှမ်းမိုးမှုက ပန့်ခ် ယဉ်ကျေးမှုနဲ့တွဲလျှက် ဖြစ်လာတာပါ။ “ပန့်ခ်ဆိုတာ ကိုယ်ပိုင် ရပ်တည်မှုပါ။ မတရားမှုကို ဆန့်ကျင်တဲ့ ပုန်ကန်မှုတခုပါ။ လူ့အခွင့်အရေးအတွက် ရပ်တည်တာ၊ လွတ်လပ်မှုအတွက် ရပ်တည်တာပါပဲ”လို့ ပြောပါတယ်။

ကျော်ကျော် ပထမဦးဆုံးအကြိမ် ပန့်ခ်ကို စသိတာ အသက် ၁၈ နှစ်၊ သင်္ကြန်တွင်းမှာပါ။ အစကတော့ ဘာမှန်းမသိလို့ သူငယ်ချင်းကို အဲ့ဒီလူထူးဆန်းတွေအကြောင်း မေးခဲ့ပါတယ်။ ပန့်ခ်တွေမှန်းသိရပြီးနောက်ပိုင်း သူတို့ရဲ့ယဉ်ကျေးမှု အတွေးအခေါ်နဲ့ ပတ်သက်ပြီး မေးခွန်းများစွာ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှလည်း အဲ့ဒီထက်ပိုမသိ၊ အဲ့ဒီတုန်းက မြန်မာပြည်မှာ အင်တာနက်လည်း မရသေးတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့နောက်သိပ်မကြာခင် တရားမဝင် စီဒီခွေ အရောင်းဆိုင်တွေမှာ ရှာဖွေစူးစမ်းပြီးနောက် တီရှပ်ပေါ်က စာသားတွေကနေ မှတ်မိနေတဲ့ အဖွဲ့တဖွဲ့ရဲ့ နာမည်ကိုတွေ့သွားပါတယ်။ သူ တခါမှ နားမထောင်ဘူးတဲ့ Sex Pistols ဖြစ်ပါတယ်။ စီဒီအတွက် တဒေါ်လာဖြုန်းလိုက်ရတဲ့ အဲ့ဒီအယ်လ်ဘမ်က သူ့ဘဝကို ပြောင်းလဲစေလိမ့်မယ်လို့ အဲ့ဒီတုန်းက ကျော်ကျော် ဘယ်သိလိမ့်မလဲ။ 

Sex Pistols ရဲ့ဂီတကို ကြိုက်ပေမဲ့လို့ ကျော်ကျော်က သူတို့ပုံစံ ဖက်ရှင်နဲ့ သဘောထားတွေနဲ့ပတ်သက်ပြီး အထူး စွဲမက်လာပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ ခွင့်ပြုချက်မလိုတဲ့ သူတို့ရဲ့ ဖော်ပြချက်တွေမှ  လွတ်လပ်တဲ့ အရသာကို သူသတိထားမိခဲ့တယ်။ Ramones နဲ့ The Clash လို ပိုပြီးဂန္တဝင်ဆန်တဲ့ ပန့်ခ် အဖွဲ့တွေကို နှစ်သက်လာပြီး Linkin Park, Avril Lavigne နဲ့ Slipknot တို့လို အရင်က နှစ်သက်ခဲ့တာတွေကို စွန့်ခဲ့လိုက်ပြီး နောက်ဆုံး စိတ်ဝင်စားမှုက အင်ဒိုနီးရှားပန့်ခ် ဘက်ကို ဦးလှည့်ခဲ့ပါတယ်။ အနောက်တိုင်းပန့်ခ်အဖွဲ့တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ကြိုက်ပေမဲ့လို့ အဲ့ဒီအနုပညာသမားတွေက လူ့အခွင့်အရေး အာမခံချက်ရှိတဲ့ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းကဖြစ်တော့ အင်ဒိုနီးရှားပန့်ခ်တွေ ရင်ဆိုင်ရတဲ့ ကန့်သတ်မှုရှိတဲ့ အနေအထားတွေက ကိုယ့်မြန်မာပြည်နဲ့ ပိုပြီးနီးစပ်တာကို ကျော်ကျော် သတိထားမိလာတယ်။  

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်း အကြမ်းဖက်မှုကို ပထမဦးဆုံးအကြိမ် ကိုယ်တိုင်မျက်မြင်ကြုံတွေ့ပြီး နောက်ပိုင်း ကျော်ကျော်ရဲ့ဘဝ အချိုးအကွေ့ ကြီးမားခဲ့ပါတယ်။ ပစ်ခတ်မှုများကို မြင်တွေ့လိုက်ရတဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားခဲ့ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဖြစ်လာတဲ့ ဒေါသကို ဖော်ပြဖို့ နည်းလမ်းရှာပြီး တုံ့ပြန်ရမယ်လို့ သိတာကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုအတွက် သူ့ရဲ့ပံ့ပိုးမှုကို ပြသခဲ့ပါတယ်။ အနုပညာရှင်တယောက်အနေနဲ့ အကောင်းဆုံး ထောက်ပံ့နိုင်လိမ့်မယ်ဆိုပြီး သူ့ကိုယ်ပိုင် Rebel Riot ဆိုတဲ့ ပန့်ခ်အဖွဲ့ ထောင်ထားပြီး အဲ့မှာ သူကခေါင်းဆောင် အဆိုတော်ဖြစ်ပါတယ်။ ဒီကနေတဆင့် သူ့တိုင်းပြည်ထဲက မတရားမှုတွေကို သူ့ဖန်တီးမှုလက်ရာတွေနဲ့ ဟစ်ကြွေးဖို့ လေ့လာသင်ယူပါတယ်။ ပန့်ခ်ကို အခြေတည်တဲ့ စိတ်ဓာတ်ကနေလာတဲ့ ယုံကြည်မှုကြောင့် သူ့လုပ်ငန်းစဉ်တလျှောက် ဘယ်သူ့ကိုမှ စော်ကားထိပါးမိမှာကို မစိုးရိမ်တော့ဘူး။   

နောက်ဆုံးမှာ ကျော်ကျော့်မကြောက်တရားက အထူးပစ်မှတ်တခု တွေ့သွားခဲ့ပြီ - မွတ်ဆလင် ဆန့်ကျင်တဲ့ မဘသဂိုဏ်းဝင် အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကြီးသီချင်း “Fuck Religious Rules”ခေါင်းစီးနဲ့ ဟစ်ကြွေးထားပါတယ်။ လူဒကာတယောက်အနေနဲ့ ဘုန်းကြီးတွေကို တိုင်းသိပြည်သိ တိုက်ခိုက်တာက အန္တရာယ်နယ်မြေထဲ ခြေချမိပြီလို့ သူလည်းသိထားပေမဲ့ မြတ်စွာဘုရားနဲ့ တရားတော်ကိုလိုက်နာတဲ့ တရားပြဆရာနဲ့ အားထုတ်သူယောဂီတွေ အပေါ်မှာတော့ ကြီးမားတဲ့ ရိုသေလေးစားမှု ရှိကြောင်းပြောပါတယ်။ လူတွေလိုက်နာဖို့ စည်းကမ်းတွေ တမင်တကာ ဖန်တီးယူနေတဲ့ ဘယ်အဖွဲ့အစည်းတွေကိုမဆို ဝေဖန်မှာ ဖြစ်ပါတယ်။ အသက်ပေါင်းများစွာကို ခြိမ်းခြောက်ခဲ့တဲ့ ရိုဟင်ဂျာ အရေးအခင်းအပါအဝင် အခြားပြဿနာများအပေါ် သူ့ရဲ့ပွင့်လင်းမှုနဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို အကြောင်းပြချက်ပေးဖို့ ဗုဒ္ဓဘာသာရေးအဆုံးအမတွေကို အသုံးချတဲ့အပေါ် သူ့ရဲ့ဒေါသက ရှိနေဦးမှာပါ။  

ကျော်ကျော်က ကိုယ်တိုင်လည်း လေးလေးနက်နက် တရားအားထုတ်ပါတယ်။ အာဏာဖီဆန်သူတို့ ထုံးစံအတိုင်း နိုင်ငံတဝှမ်းက ဘုန်းကြီးကျောင်းတွေ တရားစခန်းတွေမှာ ဝင်ရောက်အားထုတ်ဖို့ထက် သတိပဋ္ဌာန်ကို သူ့ကိုယ်ပိုင်ပုံစံနဲ့ အားထုတ်တဲ့သူပါ။ ဘာကြောင့်လဲဆိုတော့ အဲ့လိုတရားစခန်းတွေမှာ အားထုတ်တတ်တဲ့ သူငယ်ချင်းတွေမှာ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူး တွေ့ရခဲတာကြောင့်လို့ ပြောပါတယ်။ တရားအားထုတ်တဲ့ တနေ့တာလုံး စိတ်ထဲ ဘာတွေဖြစ်နေသလဲဆိုတာကို သူကြိုးစား ကြည့်ရှုပါတယ်။ “ငါ့ဗုဒ္ဓသည် ပန့်ခ်”ဆိုတဲ့ တမူထူးခြားလှတဲ့ အနုပညာနဲ့ အတွေးအခေါ်ပိုင်ရှင် သူ့အကြောင်း မှတ်တမ်းတင် ရုပ်ရှင်ကားလည်း ရှိပါတယ်။ 

ကျော်ကျော်ရဲ့ ထူးခြားတဲ့ ဓမ္မနှင့်ပန့်ခ် ပေါင်းစပ်မှုက နောက်ပိုင်း တိုးတက်လာခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအဝိုင်းအတွက် အကျိုးဆောင်တဲ့နေရာတွေမှာ ပိုပြီးပါဝင်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေတွေမှာ အရက်မူး အော့အန်ပြီး တစ်ခါတလေ လမ်းဘေးမှာ ဘော်ဒါတွနဲ့ အိပ်ပျော် အချိန်ဖြုန်းနေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာတာကြောင့် အဲ့ဒါတွေလုပ်မဲ့အစား ဆင်းရဲနွမ်းပါးသူတွေကို အစားအသောက် ထောက်ပံ့ဖို့ကို ဇောက်ချလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူက ဒေသဆိုင်ရာ Food Not Bombs အဖွဲ့ကို ထူထောင်ပြီး လက်လှမ်းမီရာအတွက် ရန်ပုံငွေ စုဆောင်းပါတယ်။ 

မကြာသေးခင်အချိန်အထိ ကျော်ကျော်က ပုံစံတကျတော်လှန်ရေးမဟုတ်တဲ့ တော်လှန််ရေးသမားတဦး အဖြစ် နေထိုင်ခဲ့ပေမဲ့ ဒါတွေအားလုံး ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ ပြောင်းလဲသွားခဲ့ပြီး မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် Generation Z အများစု ပါဝင်တဲ့ တော်လှန်ရေးက ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ်။ ဗမာအများစုလိုပဲ ကျော်ကျော်လည်း ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ အစက မသိခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်စွန့်စားဖို့ စတင်လာခဲ့ပါတယ်။ ကျော်ကြားသူတဦး ဖြစ်လို့ လူအုပ်ကြီးရှေ့က လက်သုံးချောင်းထောင်နေတဲ့ သူ့ရဲ့ ဓာတ်ပုံ ဗွီဒီယိုတွေ ပျံ့နှံ့ပြီး သူမှန်း ချက်ချင်းသိနိုင်ပါတယ်။ ဒါက သူ့ကို လုံခြုံရေးတွေက စောင့်ကြည့်ရမဲ့ အနေအထားဆီရောက်အောင် တွန်းပို့လိုက်ပြီး မကြာခင် အဖမ်းခံရနိုင်တယ်လို့ သူသိထားပါတယ်။ အခြားပုန်းရှောင်နေသူတွေနဲ့ မတူတာက အကာအကွယ်မရှိ အချိန်မရွေး ဖမ်းဆီးခံနိုင်ရပေမယ့် အိမ်မှာပဲ ဆက်နေနေတာပါ။ ကံတရားကြောင့်ပါပဲ။ စစ်သားအင်အားစုတွေ သူ့ကို လာရှာတဲ့နေ့မှာ အလုပ်သမား ၃၀၀၀ လမ်းပေါ် ဆန္ဒပြတဲ့အတွက် အဲ့ဒီလုံခြုံရေးအဖွဲ့က ရန်ကုန်အနှံ့ အဖွဲ့ဖွဲ့ ကွဲသွားခဲ့ပါတယ်။ 

ဆန္ဒပြပွဲကနေ အကြမ်းဖက်အသွင် ပြောင်းသွားတဲ့နောက် အခြားသူတွေလိုပဲ ကျော်ကျော်လည်း အပြင် သိပ်မထွက်တော့ပေမဲ့ တော်လှန်ရေးမှာ သူ့ရဲ့ပါဝင်မှု အရှိန်လျော့မသွားပါဘူး။ အခြားဗမာပန်ခ့် အနုပညာသမားတွေနဲ့ ချိတ်ပြီး “Cacerolazo: The Night Will Not Be Silenced”နဲ့ အဲ့နောက် “One Day” ကို လုပ်ထားပါတယ်။ အံ့ဩစရာက ဒီဗွီဒီယိုတွေက အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ မှတ်တမ်းတွေဖြစ်ပြီး ကျော်ကျော်နဲ့ သူ့ဂီတအဖွဲ့နဲ့ နောက် ရိုက်ကူးရေး အကူတွေနဲ့အတူ စစ်တပ်သတိမထားမိခင် မနက်စောစော အချိန်တွေမှာ လိုအပ်တဲ့ ရိုက်ချက်တွေ မြန်မြန်ရယူဖို့ စွန့်စားခဲ့ကြပါတယ်။ 

အခြားနာမည်ကြီး အနုပညာရှင် ကရင်ရက်ဂေးအဆိုတော် စောဖိုးခွား အဖမ်းခံလိုက်ရတာကိုလည်း ကျော်ကျော် ပြောပါတယ်။ နေရာတိုင်းက ပန့်ခ်ကြိုက်နှစ်သက်သူတွေက သူ့ကို အကြီးအကျယ်ထောက်ခံပြီး လူသိရှင်ကြား ကျော်ကြားသူဖြစ်နေပေမဲ့လို့ ဒီကျော်ကြားမှုနဲ့ အနုပညာသမားအဖြစ် ရပ်တည်မှုက စစ်တပ်ရန်ကနေ အကာအကွယ်မဖြစ်ဘူးဆိုတာ သိပါတယ်။ စစ်တပ်က သူတို့အပေါ် ဒုက္ခပေးနေတဲ့ ကျော်ကျော့်ကို ဘယ်လောက်အတိုင်းအတာအထိ ခွင့်ပြုပြီး လွှတ်ပေးထားလိမ့်မလဲ။ 

Shwe Lan Ga LayComment