အပိုင်း (၆၇) : အာဏာကို တိုက်ထုတ်ပါ


882021 လို့သိကြတဲ့ ဗမာဟစ်ပ်ဟော့ပ်အနုပညာရှင်ရဲ့ နှလုံးသားထဲမှာ ထာဝရလောင်မြိုက်နေမယ့် ပုံရိပ်တွေ အများကြီး ရှိပါတယ်။ ဆန္ဒပြသူတွေကို စစ်သားတွေက လိုက်လံတိုက်ခိုက်ဖမ်းဆီးတာ၊ လူရမ်းကားတွေသင်္ကန်းခြုံပြီး ကားမှန်တံခါးတွေကို သံတူရွင်းနဲ့ ရိုက်ခွဲကြတာ၊ ရဲအရာရှိရဲ့ကျည်က လူသားပစ်မှတ်ကို ထိမှန်တဲ့အခါ ဝိုင်းဝန်းဩဘာပေးကြတဲ့ ရဲအပေါင်းအပါတွေ။ ဒီလိုပုံရိပ်တွေ၊ ဗွီဒီယိုတွေက သူ့မှတ်ဉာဏ်ထဲကနေ ဘယ်တော့မှ ဖျောက်ဖျက်လို့ရလိမ့်မှာ မဟုတ်ပါဘူး။ 

ဒီဆိုးရွားတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေကို 882021 အနေနဲ့ သူ့ဂီတထဲမှာ ရည်ညွှန်းထားရုံသာမကဘဲ အနုပညာမြောက် ပုံရိပ်တွေဖန်တီးပြီး ဂီတဗွီဒီယိုထဲမှာ အသက်သွင်းထားပါတယ်။ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှုကို တော်လှန်ဖို့ ပြည်သူတွေရဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဖန်တီးမှုတွေလုပ်ဆောင်ကြတဲ့ တက်ကြွတဲ့ အနုပညာသမားတွေထဲက တယောက်ဖြစ်ပါတယ်။ 

အန္တရာယ်တွေရှိနေပေမဲ့ သီချင်းစာသားထဲ ရဲရင့်စွန့်စားမှုတွေထည့်သွင်းဖို့ ရွေးချယ်ထားတဲ့အတွက်  သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် အရင်လုပ်ကိုင်ဆဲ အနုပညာအလုပ်ကို ခဏအနားယူပြီး နာမည်အသစ်နဲ့ လှုပ်ရှားနေတာပါ။ သူ့အတွက် အနုပညာနာမည်အသစ်က နံပါတ်တခုပါ။ သူ့ကိုယ်သူ မှတ်တမ်းတင်ထားတဲ့ ဂဏန်း ၆ လုံးက အဓိပ္ပါယ်ပြည့်နေပါတယ်။ ပထမအဓိပ္ပါယ်က ၁၉၈၈ တော်လှန်ရေးနဲ့ လက်ရှိတော်လှန်ရေးလှုပ်ရှားမှုကို ကိုယ်စားပြုပါတယ်။ ဒုတိယအဓိပ္ပါယ်က ဒီဂဏန်း ၆ လုံးက အင်တာနက် ဝဘ်စာမျက်နှာတွေ အရောင်ခြယ်ရာမှာ အနီရောင်တမျိုးဖြစ်တဲ့ ခြောက်သွေ့တဲ့သွေး အရောင် “သွေးခြောက်ရောင်”ကို ခြယ်သတဲ့အခါ အသုံးပြုနိုင်တဲ့ အရောင်ကုဒ်နံပါတ် ဖြစ်ပါတယ်။ အာဏာမသိမ်းမီ သွေးခြောက်ရောင်ဆိုတာ သူ့ရဲ့ဘဝမှာ သတိမထားမိလောက်အောင်ပါဘဲ။ အခုဆိုရင် ဘယ်နေရာမဆို ကြည့်လိုက်တိုင်း တွေ့နေရပြီ။  

တရားအားထုတ်ခြင်းက 882021ရဲ့ဘဝမှာ ကဏ္ဍတရပ်လည်း ဖြစ်ပါတယ်။ ရဟန်းဝတ်တုန်းက မဟာစည်နည်းကို လေ့လာခဲ့သူပါ။ သူသိထားသလောက် မြတ်စွာဘုရားအဆုံးအမတွေက ဒီနေ့အထိ ဘဝမှာ အဖိုးတန်ဆဲ၊ အထူးသဖြင့် ကံတရားနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ၊ အကြောင်းအကျိုးတရားတွေရဲ့ အခန်းကဏ္ဍနဲ့ အနုပညာဝိသေသတွေကို လမ်းညွှန်ဖော်ဆောင်ပေးတဲ့ အစဉ်အလာ ဘာသာတရားကြီးစိုးတဲ့ ရှေးရိုစွဲလူ့အသိုင်းအဝိုင်းထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သူက အလေးထားပါတယ်။ “အရာအားလုံးက အဝေဖန်ခံနိုင်စွမ်း ရှိသင့်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ဘာသာတရားလည်း အပါအဝင်ပေါ့။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်ပေမဲ့ အလွန်အမင်း စိစစ်ဖြတ်တောက်ထားတဲ့ အနုပညာကို ကျွန်တော် လက်မခံပါဘူး။” 

882021 ကအကြမ်းဖက်မှုမသုံးဘဲ အာဏာရှင်ကို အမှန်အတိုင်းထောက်ပြတဲ့ နည်းဗျူဟာသုံးထားတဲ့ နိုင်ငံရေးဆိုင်ရာ ရက်ပ်နဲ့ ဟစ်ပ်ဟော့ပ် အစဉ်အလာထဲ စွဲစွဲမြဲမြဲ ရှိနေပါတယ်။  သူ့ရဲ့ အစောပိုင်းလွှမ်းမိုးမှုတွေထဲမှာ Eminem, Kanye West နဲ့ Kendrick Lamar စတဲ့ အမေရိကန် အနုပညာရှင်တွေ ပါဝင်ပါတယ်။ ၂၀၀၀ခုနှစ် အစောပိုင်းကာလ ဗမာဟစ်ပ်ဟေ့ာပ် လှုပ်ရှားမှုတွေအစပိုင်းတွေမှာ ထွက်ပေါ်လာတဲ့ Sai Sai နဲ့ J-Me တို့လို ရက်ပ်ပါတွေကိုလည်း ပြောထားပါတယ်။ သူတို့ရဲ့သီချင်းတွေထဲမှာ စစ်အုပ်ချုပ်ရေးကို ခပ်ပါးပါးလေး ဝေဖန်ထားတဲ့ စာသားတချို့ပါ မူရင်းအမေရိကန်သီချင်းတွေကို ဘာသာပြန် သောင်းပြောင်း ပြန်ဆိုထားတာတွေပါတယ်လို့ သူကမှတ်ချက်ပေးပါတယ်။ လွတ်လပ်မှုတွေကြီးထွားလာတဲ့ ၂၀၁၀ခုနှစ်တွေမှာ ဗမာရက်ပ် အဆိုတော်တွေက တိုင်းပြည်ရဲ့တိုးပွားလာတဲ့ လွတ်လပ်မှုတွေကို ကောင်းကောင်းအသုံးချပြီး သူတို့သီချင်းစာသားထဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့ကြပါတယ်။ အာဏာသိမ်းပြီးကတည်းက အနုပညာသမား ခပ်များများက စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အကြောင်း အထူးတလည် ပြောဆိုထားတဲ့ သီချင်းတွေ ရေးသားထားကြပါတယ်။ ဗမာအနုပညာသမားတွေက မိခင်ဘာသာစကားနဲ့ ရက်ပ်တွေ ဖန်တီးနေပေမဲ့ 882021ကတော့ နိုင်ငံတကာပရိသတ် သိစေဖို့ အင်္ဂလိပ်ဘာသာကို ရွေးချယ်ထားပါတယ်။ 

သူ့ နာမည်အသစ် 882021 အောက်မှာ ဗွီဒီယိုတွေပါတဲ့ သီချင်းနှစ်ပုဒ် ထုတ်ထားပါတယ်။ ပထမက “Lee Coup”နဲ့ ဒုတိယတပုဒ်က “Lee 199”ပါ။ “Rap Against Junta”ဆိုတဲ့ အဖွဲ့ကြီးထဲ တစိတ်တပိုင်းအနေနဲ့ ပါဝင်ထားပါတယ်။ အဲ့ဒီက “Dictators Must Die” ဆိုတဲ့ သီချင်းမှာလည်း ပြည်ပရောက် အာရှအနုပညာရှင်များစွာနဲ့အတူ ပါဝင်ထားပါတယ်။ သူ့အမြင်အရ တော်လှန်ရေးကို ဖော်ဆောင်တဲ့နေရာမှာ ရက်ပ်က ပြည့်စုံတဲ့ကြားခံတခုပါ။ သူပြောတဲ့အတိုင်း “ဟစ်ပ်ဟော့ပ်က နိုင်ငံရေးသမိုင်းမှာ အမြဲတမ်း ရှိခဲ့တယ်။ ကျွန်တော့အမြင်က ကာလကြာရှည် ဖိနှိပ်မှုတွေ ခံစားလာခဲ့ရတဲ့ ကျွန်တော်တို့တွေရဲ့ ရုန်းကန်မှုကို ဖော်ပြဖို့ ရက်ပ်က အကောင်းဆုံး ဂီတအမျိုးအစားပါဘဲ။”   

အထူးသဖြင့် အခုလိုအချိန်မျိုးမှာ သူယုံကြည်တာက ဗမာအနုပညာသမားတွေရဲ့ အခန်းကဏ္ဍက စံနမူနာဖြစ်ဖို့ အားပေးလှုံဆော်ဖို့နဲ့ စိတ်ဓာတ်တိုးမြှင့်စေဖို့ ဖြစ်ပါတယ်။ အခု သူ့ရဲ့တတိယမြောက် သီချင်းအတွက် လုပ်နေပါတယ်။ “ပြည်သူ့စိတ်ဓာတ် အမြင့်ဆုံးမှာ မြဲနေစေဖို့ တကယ်အရေးကြီးပါတယ်”တဲ့။

Shwe Lan Ga LayComment