အပိုင်း (၁၄) မြန်မာပြည်မှ ကိုဗစ်-၁၉ : ပြည်ပပြန်လည်ထွက်ခွာသူများရေးရာပိုင်း ထုတ်လွှင့်မှု

မြန်မာပြည်မှ ကိုဗစ်-၁၉ အခန်းဆက် အစီအစဉ်ရဲ့ အပိုင်းသစ်အဖြစ် “ပြည်ပပြန်လည်ထွက်ခွာသူများရေးရာပိုင်း”ကို တင်ဆက်လိုက်ပါသည်။ နိုင်ငံအရပ်ရပ်ရှိ လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဖြစ်ရာ မြန်မာပြည်မှ ထွက်ခွါခဲ့သော နိုင်ငံခြားသား လေးဦးအကြောင်း ဖြစ်ပါသည်။ သူတို့အားလုံး အိမ်ပြန်ဖို့ ရွေးချယ်ခဲ့ကြပြီး တချို့ကတော့ ရှေ့ဘာဆက်ဖြစ်မလဲဆိုတာ ကြိုမသိနိုင်ဘဲ ရှုပ်ထွေးလှတဲ့ အခြေအနေ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကာ အရေးကြီးတဲ့ဆုံးဖြတ်တွေ အမြန်ဆုံးချလိုက်ပြီး နောက်ဆုံးလေယာဉ်အမီီ ထွက်ခွာသွားခဲ့ကြသည်။  

သူတို့ရဲ့မတူညီတဲ့ ဇာတ်ကြောင်းလေးတွေထဲက ကိုယ်ပိုင်ဟန်နဲ့ တူညီနေတဲ့ ဓမ္မသဘောလေးကတော့ ဘဝက မှန်းဆလို့မရဘူး ဆိုတာပါပဲ။ တဦးချင်းစီ ရင်ဆိုင်ရတဲ့ အကြီးအကျယ် ပြောင်းလဲမှုတွေ အနှောင့်အယှက်တွေ၊ အလုပ်အကိုင် ဆုံးရှုံးရတာတွေ၊ အစီအစဉ် လက်လွှတ်လိုက်ရတာတွေ၊ ရိပ်သာများ ပိတ်လိုက်တဲ့အတွက် ပြန်လာခဲ့ဖို့ တချို့မိဘများလည်း အနူးအညွတ် တောင်းဆိုကြပါသည်။  

ဘဝ၏မတည်မြဲခြင်းတရားသည် ကိုယ်တိုင်ကျင့်ကြံအားထုတ်မှုထက် ဘာကိုမှ မှီခိုအားထားလို့မရဆိုတဲ့ အမှန်တရားကို ထောက်ပြနေပါသည်။ ဘဝမှာ ဘယ်ဟာကို ဦးစားပေးရမလဲဆိုတဲ့ အရေးကြီးတဲ့အသိကိုလည်း ထောက်ပြနေပါသည်။ ကုန်ကုန်ပြောရင် ဒုက္ခမှ ရုန်းထွက်ဖို့နဲ့ စိတ်ကိုစောင့်ကြည့်ဖို့ အချိန်ပေးရတာထက် ဘယ်အရာက ပိုအရေးကြီးပါသလဲ။ တနည်းအားဖြင့်  အကျပ်အတည်းကာလသည် တကယ့်အရေးကြီးတဲ့အချိန်ဆိုတာနဲ့ သူတို့အတွက် တရားအားထုတ်ခြင်းအားဖြင့် အချိန်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို အသုံးချမလဲ ဆိုတာပါပဲ။ တရားအားထုတ်ခြင်းဖြင့် ညီညွတ်မျှတခြင်း၊ ခွန်အား၊ အသိဉာဏ်နဲ့ ကရုဏာတရားများ တိုးပွားလာမယ်။ သူတို့က လက်တွေ့ကျင့်စဉ်၏ တန်ဖိုးကိုသာမက အရေးကြီးသည်ဟူသော အသိတရားကိုပါ အလေးထားပြောပြထားကြပါတယ်။  

သူတို့တဦးချင်းရဲ့ ဇာတ်လမ်းများက အသေးစိတ်မတူပေမဲ့ သူတို့အားလုံးကိုယ်စီ တူညီနေတဲ့ ဦးတည်ရာက တရားအားထုတ်မှုမှာ အရေးကြီးမှုနှင့် အရေးပါမှုအသိပဲ ဖြစ်ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ကာလမှာ မိတ်ဆွေတို့လည်း  အချိန်မဆွဲဘဲ လက်တွေ့အားထုတ်နိုင်အောင် သူတို့အတွေ့အကြုံများက အမှောင်ခွင်းလို့ အလင်းဆောင်ပါစေ။ 

ရွှေနိုင်ငံမှာ ၂နှစ်ခွဲနီးပါး နေထိုင်လာတဲ့ လယ်ယာစိုက်ပျိုးရေးနှင့် စီးပွားရေးပညာရှင် José Molina က သူ့ရဲ့ Squash Club နဲ့ နောက်ထပ်မတွေ့ရတော့မှာကို စိုးရိမ်နေခဲ့တယ်။ 

မြန်မာပြည်မှာ ပုံမှန်ဖြစ်နေသေးပေမဲ့ မတ်လထဲ ရောဂါကူးစက်မှုများကြောင့် ကမ္ဘာတဝှမ်း လုပ်ငန်းများ ရပ်ဆိုင်းပြီး Squash Club ပိတ်လိုက်ရတာကပဲ José လက်ရှိမှာ ကြုံရတဲ့ အခက်အခဲတခု။ ရောဂါ လျင်လျင်မြန်မြန် ကူးစက်ပျံ့ပွားမှာကို အကြောက်လွန်နေကြတဲ့ တိုင်းပြည်များနဲ့ စာလျှင် သူ၏ရန်ကုန်မြို့ပြဘဝ ရှုထောင့်ကကြည့်ရင် ပုံမှန်အတိုင်း ရှေ့ဆက်နေပါတယ်။ အစက José ထင်ထားတာ အရင်က လူထူထပ်တဲ့ အရှေ့တောင်အာရှ လည်ပတ်စရာနေရာတွေကို ဈေးချိုချိုနဲ့ ခရီးသွားဖို့ ရုတ်ချည်းပေါ်လာတဲ့အခွင့်အရေးလို့ ပြေးမြင်တာပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကူးစက်ကပ်ရောဂါရဲ့ဆိုးကျိုးကြောင့် သူ့ရဲ့နေ့စဉ်ဘဝကိုပါ ထိခိုက်လာပြီး သူ့အလုပ်တွေလည်း နှောင့်နှေး ရပ်တန့်လာခဲ့တယ်။ 

ဒီလိုနဲ့ မှတ်မှတ်ရရ ၇၂ နာရီ စတင်လာပါပြီ။ မြန်မာပြည်ရှိ ဗြိတိန်၊ဩစတေးလျ သံရုံးများက သူတို့နိုင်ငံသားများကို ချက်ချင်း ထွက်ခွာကြဖို့ ဆော်ဩကြသည်။ ဒီ ၃ရက်အတွင်း ထောင်ပေါင်းများစွာသော သူတို့ မြို့ကြီးမှ စတင်ထွက်ခွါကြပါတယ်။ အခြေအနေ စတင်ဆိုးရွားလာတာကြောင့် အလုပ်မထွက်ခင် နောက်ဆုံးရပိုင်ခွင့်များကို အမြန် ညှိနှိုင်းပြီး မသယ်နိုင်တော့တဲ့ ပစ္စည်းများကို မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များသို့ ပေးခဲ့ပြီး အခုတော့ Squash Club ပိတ်လိုက်ရတယ်ဆိုတာက သူ့အတွက် ပြဿနာအသေးဆုံးလေးပါပဲ။

အံ့ဩစရာက José အတွက်အကျိုးရှိဆုံး နှုတ်ဆက်ပွဲလေးက ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်းမှာပါ။ ရန်ကုန်ပြောင်းခါစက နေခဲ့တဲ့ကွန်ဒိုက ဘုန်းကြီးကျောင်းသို့ လမ်းလျှောက်သွားလို့ရတဲ့ နေရာလောက်မှာရှိပါတယ်။ အဲ့ဒီက ဆရာတော် ဦးသောဘိတက နိုင်ငံခြားသားဓမ္မာရုံကို အချိန်ရတိုင်း အသုံးပြုခွင့် ပေးပါတယ်။ ရန်ကုန်မှာနေတဲ့တလျှောက် အလုပ်သွား အလုပ်ပြန် ၉၀ရာခိုင်နှုန်းသောနေ့ရက်များ အဲ့ဒီမှာပဲကုန်ခဲ့ပါတယ်။ သံယောဇဉ် တွယ်စရာလည်းမရှိတဲ့ မြန်မာပြည်ကို တကယ်တမ်း တွယ်တာတာမျိုးမဟုတ်တာတောင် ဒီနေရာလေးကို နှလုံးသားထဲမှာ တကယ်မြတ်နိုးပြီး နှုတ်ဆက်စကားပြောဖို့တောင် ရုတ်တရက် ဆို့နင့်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်း လှုပ်ရှားမှု အားလုံးမှာ မပါဝင်ခဲ့ပေမဲ့ ဦးသောဘိတ၏ အထောက်အပံ့ကို မှီခိုခဲ့ရတာ ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း ချက်ချင်း နားလည်ခဲ့ပြီး ထွက်လာခဲ့ရတာကို တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ အိမ်ပြန်လာပြီးနောက် အထောက်အပံ့ကင်းသော ပတ်ဝန်းကျင် အငွေ့အသက်ကြောင့် စိတ်ထဲမှာ ဟာလာဟင်းလင်းနှင့်။ 

ဘုန်းကြီးကျောင်းအပြင် ဘုရားစေတီများနဲ့ ဘုန်းတော်ကြီးများကို ၂နှစ်ခွဲအတွင်း နေ့စဉ်ဖူးတွေ့နေရခြင်းက ကုသိုလ်များကြောင်း၊ ရတနာသုံးပါးတည်နေမှုကလည်း တရားအားထုတ်ဖို့ တရစပ်သတိပေးနေပါတယ်။ ယူအက်စ် ပြန်ရောက်တဲ့အခါမှာတော့ သီလနဲ့ဘာဝနာကို ဆက်လက်အားပေးမဲ့ မိတ်ဆွေ ပတ်ဝန်းကျင် အထောက်အပံ့မရှိတော့ပါ။ ယူအက်စ်မှာ ဗမာပြည်နဲ့မတူတာက “ကောင်းမွန်တဲ့ဘဝ”လို့ ဆိုလိုက်ရင် ကာမဂုဏ်အာရုံတွေနဲ့ စိတ်ကြိုက်ပျော်ပါးနိုင်တာမျိုး၊ ဗမာပြည်မှာဆိုရင် မိမိရည်မှန်းချက်များ အကောင်ထည်ဖော်နိုင်ရေး ဘက်စုံအထောက်အပံ့က တကယ့် “ကောင်းမွန်တဲ့ဘဝ”မျိုး။  သူ့စကားအတိုင်း ပြောရရင် ဗမာပြည်နဲ့ မတူတဲ့ အမေရိကားမှာ “သဘာဝ ရေစီးကြောင်းကို ဆန့်ကျင်ပြီး ဓမ္မအတွက် တိုက်ပွဲဝင် ရတာပါပဲ”။

အခု အမေရိကားပြန်ရောက်ပြီး အလွန်မတည်ငြိမ်တဲ့စိတ်နဲ့ လုပ်ကိုင်ရတာ၊ တရားထိုင်ရင် တနာရီပြီးမြောက်ဖို့တောင် ခက်လို့ “ဒုက္ခ ဖြစ်နေပြီ”ဟု ပြောပါတယ်။ ဒါပေမဲ့ ဒီမှာ သိမြင်စရာတခုက တရားအားထုတ်တယ်ဆိုတာ ပုံမှန်အားဖြင့် စိတ်မကျေနပ်မှုများကို ဆင်ခြင်ဖို့ရာ ဖြစ်သော်လည်း အခု ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ အနှောင့်အယှက်က အတိုင်းထက်အလွန်ဖြစ်နေပြီ။ ဒါကလည်း မြတ်စွာဘုရားရှင် အဆုံးအမများရဲ့တန်ဖိုးကို ပြသနေပါတယ်။ သံသရာ ဘုံလောကမှာ တကယ်စင်စစ် အရေးပါတာတခုမှ ရှာမတွေနိုင်ကြောင်းနဲ့ ဒီလိုကာလမှာ ကျန်းမားရေး ဘဏ္ဍာရေး ဘယ်ဟာကမှ တကယ့် အထောက်အပံ့ မဟုတ်ဘူးဆိုတာကို José သိလိုက်တာပါပဲ။  

စိတ်ကတော့ တကယ့်အဖြစ်နဲ့ မတူပါဘူး။ ဒါကိုနားလည်ထားတယ်ဆိုရင် တရားအားထုတ်တယ်ဆိုတာ အသေးအမွှားကိစ္စတွေမှာ တဖြည်းဖြည်း ပိုကောင်းလာစေဖို့သာမဟုတ်ဘဲ စိတ်ရဲ့အလုပ်က အရေးကြီးတဲ့ အထောက််အပံ့တွေ မရနိုင်တော့တဲ့အခါ၊ အရာရာ ဇောက်ထိုးမိုးမျှော်ဖြစ်ရတဲ့အခါ စောင့်ကြည့်ရတဲ့အလုပ်ပဲ ဖြစ်တယ်ဆိုတာ အခုသိပြီ။ ဒီမသေချာမှု အတိုင်းအတာက ဘဝ အစိတ်အပိုင်းအားလုံးကို သက်ရောက်မှုရှိနေပြီး José အခုသိလာတာက ရွှေနိုင်ငံမှ ရက်ရှည်တရားစခန်းလို အဖိုးတန်လှတဲ့ အားထုတ်ဖို့ အခွင့်အရေးကို စွန့်ထားခဲ့လိုက်ရတာပါပဲ။ သူအမြဲလိုလို စီစဉ်ချင်တာက၂လလောက် အလုပ်မှ ခွင့်ယူပြီး တရားအားထုတ်ဖို့။ နောက်ဆုံးတော့ ဒီအချိန်ကို အခွင့်ကောင်းယူပြီး ကြားကာလ ၂လ ကို CV တွင် ထည့်လို့ရမည့်အချိန်ကို စောင့်နေခဲ့သည်။ ဒါပေမဲ့ အခု အရေးပေါ် ၇၂နာရီလည်းကျော်ဖြတ်ခဲ့ပြီး အခွင့်အရေးကိုလည်း ကောင်းကောင်းအသုံးချခဲ့ပြီ။ အခုတော့ ပညာသည်ဘဝမှာ ဘယ်အခြေနေပဲ ရောက်နေပါစေ၊ ကမ္ဘာကြီးပြန်လည် ပွင့်လင်းလာတာနဲ့ တရားအားထုတ်တော့မည်ဟု ဆုံးဖြတ်ထားလိုက်ပြီ။ တနည်းပြောရရင် တရားအားထုတ်ဖို့ အရေးကြီးပြီဟု ခံစားမိသည်။ ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေတဲ့အတွက် တရားကအားထုတ်ဖို့ အရေးကြီးနေပါပြီ။ နောက်ထပ်ဘယ်လိုအခွင့်အရေးမျိုးတွေ ရလိမ့်မလဲဆိုတာလည်း မသိတဲ့အတွက် တရားအားထုတ်ဖို့ အရေးကြီးနေပါပြီ။ 

Emily Rothenberg သည် Fulbright Public Policy Fellowship အစီအစဉ်ဖြင့် မန္တလေးကို ရောက်ခဲ့ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ(MCDC)ရှိ ညစ်ညမ်းမှုနှင့်သန့်ရှင်းရေး ထိန်းချုပ်ဌာနတွင် စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲခြင်းနှင့် စွန့်ပစ်အမှိုက် လျှော့ချရေးစီမံချက် တာဝန်ခံအဖြစ် လုပ်ကိုင်ရသည်။

သူမသည် မြန်မာပြည်တွင် စွန့်ပစ်အမှိုက်များစီမံခန့်ခွဲခြင်းနှင့် ကြွပ်ကြွပ်အိတ် သုံးစွဲမှုအပေါ် စိတ်ဝင်စားလာပြီး MCDC မှ ထုတ်ဝေလိုက်တဲ့ နိုင်ငံ၏ ပထမဦးဆုံး စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု အစီအစဉ်ကို သဘောကျလာသည်။ မြန်မာပြည်သို့ ခရီးသွားဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းတစိတ်တပိုင်းက ဓမ္မအစဉ်အလာ အားကောင်းတဲ့ တိုင်းပြည်ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ နောက်ပြီး ဆရာတော် ဦးတေဇနိယ၏ အဆုံးအမများကို အထူးစိတ်ဝင်စား၍လည်း ဖြစ်သည်။ အလွန်အလုပ်များတဲ့ ပတ်ဝန်းကျင်မှာ အထိုင်ကျဖို့နဲ့ အစပိုင်းမှာ တရားထိုင်ချိန်ရဖို့အတွက် အခက်ကြုံရသည်။ ပြီးတော့ ရွှေတိဂုံဘုရားသို့သွားရာ ဘုရားကန်တော့တတ်အောင် ဗမာအမျိုးသမီး ၂ဦးက ကူညီခဲ့တဲ့ပုံနဲ့ အဲ့ဒီအခိုက်အတန့်လေးများကို မျက်ရည်လည်ရတဲ့အထိ သူမ ကျေနပ်နေမိသည်။

“ခွေးချစ်တဲ့သူ” မဟုတ်ပေမဲ့ ကားတိုက်မိတဲ့ လမ်းဘေးခွေးကလေးတကောင်ကို ကယ်တင်ကာ Lucy လို့ နာမည်ပေးပြီး အလုပ်မှာ မွေးထားလိုက်သည်။ မိမိ၏အထက်လူကြီးက ဗုဒ္ဓဘာသာဝင်ဖြစ်သလို သူ့ဘဝ၏ အပျော်ဆုံးအချိန်က ရဟန်းခံဖူးတဲ့ အချိန်ပဲဟု ပြန်ပြောင်း ပြောတတ်သည်။ သဘာဝခပ်ကျကျပါပဲ၊ Emily က Lucy အပေါ် စောင့်ရှောက်တဲ့ ကရုဏာစွမ်းအားရဲ့ အရှိန်ကြောင့် အထက်လူကြီးက သူမနှင့်အတူ ခွေးလေးကို ကူညီစောင့်ရှောက်နေသည်။ ဒါကလည်းပဲ Emily နဲ့ အထက်လူကြီးကြား အလုပ်သဘောဆက်ဆံရေးမှ ကျော်လွန်သွားပြီး တရားဓမ္မ မျှဝေခြင်းဘက်သို့ ဦးတည်သော ဆက်ဆံရေး အဆင့်ထိရောက်ရှိခဲ့သည်။ Lucy ကတော့ သူတို့ အလုပ်ဖြင့် ခရီးသွားရာ မြို့ထဲတလျှောက် အဖော်ဖြစ်လို့နေပါသည်။ 

မန္တလေးမှာရှိခိုက် ရာသီဓလေ့တို့ကို အမှီလိုက်နေရ၍ ခြေလှမ်းကျဲနေသလို ခံစားရသည်။ မြို့ကြီးနဲ့လည်း ပိုရင်းနှီးလာပြီး အလုပ်လည်း ပိုတွင်လာသည်။ Hilton ဟိုတယ်မှ စီစဉ်တဲ့ သန့်ရှင်းရေး အစီအစဉ်တခုတွင် ကူညီပေးရန် ငပလီကမ်းခြေသို့ အလည်ရောက်ခဲ့သည်။

ကူးစက်ရောဂါ သတင်းကြီးချိန်မှာ မန္တလေးသို့ပြန်ရောက်နေပြီ။ အခြားတိုင်းပြည်များလိုပဲ မြန်မာပြည်လည်း သေချာ အဆင်သင့်မဖြစ်ပါဘူး။ နမူနာ အနည်းငယ်သာ စစ်ဆေးနိုင်ပြီး သံယသလူနာက ကံကောင်းလျှင် နမူနာကို ထိုင်းနိုင်ငံသို့ပို့ပြီး စစ်ဆေးရသည့် အချိန်ကုန်သော လုပ်ငန်းစဉ်ဖြစ်နေသည်။ နိုင်ငံခြား အဖွဲ့အစည်းများသည် သူတို့နိုင်ငံသား အလုပ်သမားများကို ထွက်ခွာဖို့  စတင်တိုက်တွန်းနေကြပြီး သူမ၏မိခင်သည်လည်း ပြန်လာဖို့ရန် အတင်း တိုက်တွန်းလျှက်ရှိသည်။ အလုပ်မှ လေယာဉ်လက်မှတ် အခမဲ့ဖြင့် အိမ်ပြန်နိုင်ပေမဲ့ Emily မှာ တခြား အကြံရှိနေပြီ။ အရင်ကတည်းက အချိန်တချို့ကို တရားအားထုတ်ဖို့ရန်နှင့် နိုင်ငံတဝှမ်းရှိ ရိပ်သာများ၊ ဘုန်းကြီးကျောင်းများကို တာဝန်ပြီးဆုံးချိန်၌ သွားရောက်လည်ပတ်ရန် ရည်စူးထားပြီးဖြစ်သည်။ အခုဆိုရင် ဒီအခွင့်အရေးက ပေါ်လာပြီ။ ပတ်ဝန်းကျင်မှ စိုးရိမ်ပူပန်မှုများ ကြီးထွားလာနေပေမဲ့ ဒီလို ပရမ်းပတာအခြေအနေတွေက ရုန်းထွက်ပြီး ဘုန်းကြီးကျောင်းတွင် နေမည်ဆိုလျှင် အလွန်ယုတ္တိရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်လိမ့်မည်။ ဒါကြောင့် ပြင်ဦးလွင် ချမ်းမြေ့မြိုင်ဘုန်းကြီးကျောင်းသို့ မျှော်လင့်ချက်ဖြင့် ထွက်လာခဲ့သည်။ ဒါပေမဲ့ ရောက်တဲ့အခါမှာတော့  လက်ရှိနေထိုင်နေတဲ့ နိုင်ငံခြားသားယောဂီများကိုတောင် ထွက်ခွာဖို့ တောင်းဆိုနေပြီ။ ကံကောင်းချင်တော့ တရားတပုဒ်စာ အချိန်လောက် နေခွင့်ရလိုက်ပြီး နောင်အရေးပါလာမည့် မေတ္တာပို့နည်းများကို သင်ယူခဲ့သည်။      

မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်ပျံ့ပွားနေမှုက ကြီးထွားလာနေပြီး ကမ္ဘာအဝှမ်းမှာလည်း အခြေအနေဆိုးရွားနေပါသည်။ အမေရိကန်ပြည်ထောင်စုမှလည်း သတိပေးချက် အဆင့် ၄ သတ်မှတ်ထာပြီး ငြိမ်းချမ်းရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းများကို မိမိတို့အိမ်သို့ ပြန်ပို့နေပါသည်။ ဘန်ကောက်-ရန်ကုန် အဓိကခရီးလမ်းမှာလည်း တထောက်နား ခရီးသည် အရေအတွက် ကန့်သတ်လိုက်သည်။ ဒီအခြေအနေမှာ အခမဲ့လေယာဉ်နဲ့ပြန်ဖို့ Emily စပြီးစဉ်းစားလိုက်သည်။ ချီတုံချတုံနဲ့ နောက်ဆုံးမှာ Qatarလေကြောင်း ကယ်ဆယ်ရေးလေယာဉ် ဖြင့် မတ်လကုန်တွင် ယူအက်စ်ကို ပြန်လာခဲ့သည်။

အဲ့ဒီတည်းက ချီကာဂိုမှာ တောက်လျှောက်နေခဲ့သည်။ ဗမာပြည် အပူပိုင်းဒေသမှထွက်လာပြီးနောက် ဆီးနှင်းထူပြီး လေတိုက်တဲ့ ရာသီနဲ့ အသားကျအောင်နေထိုင်ရင်း ထားခဲ့ရတဲ့အလုပ်၊ အိမ်နဲ့ အထက်လူကြီးက ကြည့်ပေးနေတဲ့ Lucy ကို သတိရပြီး စိတ်မကောင်းဖြစ်နေခဲ့သည်။ နွေဦးဝင်လာသည့်တိုင် Emily မှာ အခုချိန်ထိ ငြိမ်းချမ်းမှုနှင့် ကိုးကွယ်အားကိုးရာအတွက် ရူးသွပ်နေပြီး တီဗွီတင်တဲ့စင်ကို ဘုရားပူဇော်ဖို့စားပွဲအဖြစ် ပြောင်းလဲခဲ့ပြီး ၁၀ရက် သီးသန့်အားထုတ်ခဲ့သည်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းမှာလိုတော့ အိမ်မှာ ကူညီပေးမဲ့ဆရာနဲ့ အားထုတ်ဖော် အားထုတ်ဖက် အထောက်အပံ့ရဖို့ မရှိပါဘူး။ အချိန်ခပ်များများမှာတော့ ချမ်းမြေ့မြိုင်ကျောင်းမှ ရခဲ့သော မေတ္တာသုတ်ဆီသို့ အပြန်ပြန် အာရုံပြုနေသည်။ ချီကာဂိုရှိ Highland ရပ်ကွက် ပန်းခြံမှာ လမ်းလျှောက်ရင်း ကူးစက်ရောဂါပျံ့ပွားချိန်မှာတောင် အလုပ်လုပ်နေတဲ့ ပန်းခြံလုပ်သားများ တွေ့ရချိန် သူမစိတ်ထဲတွင် သဘောမကျဖြစ်လာသည်။ ဒါပေမဲ့ မေတ္တာတရား ပြန်လည်သက်ဝင်လာတဲ့ အခါမှာတော့ ဒီလိုခက်ခဲတဲ့ကာလမှာ လူတွေအိမ်မှာ ဘယ်လိုနေကြလဲ ဆိုတာ ပြန်သုံးသပ်မိပြီး သူတို့ ကျန်းမာရေးအတွက် ဆုတောင်းပေးနေမိတယ်။ တတ်နိုင်သလောက် တရားအားထုတ်ခဲ့ပြီးနောက် ၈ရက်မြောက်နေ့မှာတော့ Netflix သုံးနေပြီ။ 

အဲ့ဒီနောက် ဆရာသမားများနှင့် အွန်လိုင်းမှတဆင့် ဆက်သွယ်ပြီး လမ်းညွှန်မှုယူရန် ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် ဆရာတော် ဦးတေဇနိယနည်းဖြင့် သင်ကြားပေးသော ဆရာများနဲ့ဆက်သွယ်ခဲ့သည်။ လမ်းညွှန်မှုကို နာကြားပြီး ကိုယ်တိုင်လည်းအားထုတ်ကာ အခြားသော အွန်လိုင်းမှ အားထုတ်နေသူများရှိကြောင်းသိခဲ့ရသည်။ သံဃာတော်များနှင့် အွန်လိုင်းတွင် အဆက်အသွယ်ပြန်ရပြီး မျက်ရည်လည်ရသည်။ မိတ်ဆွေများနှင့် အပတ်စဉ် တရားဆွေးနွေးခြင်း တရားထိုင်ခြင်းများလည်း ပြုလုပ်သည်။ ဆက်လျှောက်ရမဲ့ ဘဝသစ်မှာ သစ်ပင်စိုက်ဖို့ ငှက်ကြည့်ဖို့ လမ်းလျှောက်ဖို့နဲ့ စက်ဘီးစီးဖို့ရန် မျှော်လင့်နေပါသည်။

David Sudar ရဲ့ တရားသမားဘဝကတော့ ဘုန်းတော်ကြီး Dalai Lama ရေးတဲ့ စာအုပ်တအုပ်ဖတ်ရာမှ စတင်ကာ ယောဂကို စိတ်ဝင်စားလာခဲ့သည်။  ဆရာကြီး ဂိုအင်ကာ၏ ဝိပဿနာ စခန်းများသို့ ဝင်ရောက်ခဲ့ပြီးမကြာမီ တရားအားထုတ်ခြင်းက ဘဝမှာ အလုပ်ချင်ဆုံးအရာ ဖြစ်လာတဲ့အတွက် အဆုံးမရှိသော ဓမ္မခရီးစဉ်ကို စတင်ပြင်ဆင်ခဲ့သည်။ 

ထို့နောက် ဆရာတော် ဦးတေဇနိယထံတွင် ၂နှစ် ရဟန်းခံခဲ့သည်။ အခြားသော တရားပြဆရာများနှင့် မတူတာက ဦးတေဇနိယသည် နည်းလမ်းတမျိုးတည်းကို သင်ကြားပေးခြင်းထက် အမြဲမပြတ် ပြောင်းလဲနေတဲ့ ဘဝအခြေအနေများထဲမှာ စိတ်ကို နားလည်သဘောပေါက်ဖို့ တပည့်များကို လမ်းညွှန်ပေးခြင်းဖြစ်ပါသည်။ ဘဝရဲ့ ဘယ်အခြေအနေမှာမဆို သတိနှင့်ပညာကို အသုံးချပြီး ရင်ဆိုင်ရမည်ကို သူက သဘောကျပါသည်။ အညစ်အကြေးတွေဆိုတာ သဘာဝ၏ အစိတ်အပိုင်းအဖြစ်လည်း နားလည်ထားပါသည်။ ညွှန်ကြားချက် တပုံတပင်ကို လိုက်နာရခြင်းထက် သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ကရုဏာနှင့် ဥပေက္ခာကဲ့သို့ "လှပတဲ့ စိတ်ဖြစ်စဉ်လေးများ" ကို စောင့်ကြည့်လေ့လာရတာကို ပိုပြီး သဘောကျကြောင်းပြောပါသည်။

လွန်ခဲ့တဲ့နှစ်များက Oregon ပြည်နယ် Portland တွင် အခြေချဖို့ လူဝတ်လဲပြီး ယူအက်စ်ကို ပြန်သွားခဲ့သည်။ ထို့နောက် မကြာမီ စိတ်ဝင်တစားရှိတဲ့ မိတ်ဆွေများရဲ့တောင်းဆိုမှုကြောင့် မိမိလေ့လာထားသည်များကို ပို့ချရန် ဓမ္မအဖွဲ့အစည်းအသီးသီးမှ သတိပဌာန်တရားပွားများလိုသူများကို အချိန်ပြည့်ပို့ချပေးဖို့ ဖြစ်လာခဲ့သည်။ သူ့ရဲ့လမ်းညွှန်မှုကတော့ တပည့်တဦးချင်း လက်ရှိရောက်တဲ့အဆင့်ကိုဆွေးနွေးဖို့နဲ့  "ဖြစ်တည်မှု၌ ကျေနပ်ခြင်း"ဆိုတဲ့ အဆင့် ကိုရောက်အောင် အားပေး ပို့ချခြင်းပဲဖြစ်ပါသည်။ အကျိုးကျေးဇူးများလှတဲ့ ဆရာတော် ဦးတေဇနိယနှင့် ရင်းနှီးတဲ့ ဆက်ဆံရေးကနေ ဆရာ-တပည့်ဆက်ဆံရေးက စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဘယ်လောက် အရေးပါလဲဆိုတာ မြင်လာသည်။ 

၂၀၂၀ ခုနှစ် တချို့ကာလများကို ရွှေဥမင်ကျောင်း ရန်ကုန်မှာ ကုန်ဆုံးခဲ့ပြီး ဖေဖော်ရီလကုန်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် အလားတူသော ရောဂါလက္ခဏာများ ခံစားခဲ့ရသည်။ ပိုဆိုးတာက လေယာဉ်မစီးခင် စဖျားသည်။ လေယာဉ်ပေါ်တက်ခွင့်မရမှာကို စိတ်ပူခဲ့ပေမဲ့ နောက်ဆုံး Portland သို့ပြန်လည်ရောက်ရှိခဲ့သည်။ အိမ်တွင် သီးသန့်နေထိုင်ပြီး မြို့ထဲမှာလည်းတွင် အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသည်။ ဒါကြောင့် သင်ကြားရေးတာဝန်များကို အွန်လိုင်းမှတဆင့် လုပ်ဆောင်ခဲ့သည်။ Zoom မှတဆင့် မနက်ခင်းတိုင်း ယောဂီ ၁၀၀ကျော်နှင့် ဆက်သွယ်ကာ ကူးစက်ရောဂါကြောင့် အားထုတ်မှုအပေါ် သက်ရောက်မှုများအကြောင်း ကြားသိရသည်။ သူတို့အားလုံးရဲ့ တုံ့ပြန်ချက်က တမျိုးတည်းမဟုတ်၊ တချို့က အဆင်ပြေကြပြီး တချို့က အခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ကြသည်၊ တချို့မှာတော့ တော်တော်လေး ရုန်းကန်ရသည့် အနေအထားဖြစ်သည်။ ဆရာတယောက်အနေနဲ့ တပည့်များ၏လက်ရှိပြဿနာကို သက်သာစေနိုင်အောင် လုပ်ဆောင်ပေးရမည့်တာဝန်ရှိကြောင်းနှင့် မိမိတို့ခံစားချက်ကို မိမိတို့ကိုယ်တိုင် အပြည့်အဝ လက်ခံပြီး ဘယ်လိုပင်ဖြစ်ပါစေ စိတ်ရှည်သည်းခံ ကြင်နာမှုနှင့် လက်ရှိအခြေအနေကို သတိထားဖို့ အားပေးပါသည်။ ပြီးတော့ အခြေအနေကို မူတည်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အစဉ်ကို လေ့လာဆန်းစစ်ဖို့ ပြောပါသည်။

ဒီပြဿနာကို ကိုင်တွယ်ဖို့ အတိတ်က အခက်အခဲတွေက အကူအညီပေးပါတယ်လို့ David ကပြောပါတယ်။ ဒီအချိန်မှာ ခက်ခဲနေသလောက် ကောင်းတဲ့ဘက်ကကြည့်ရင်တော့ လူတွေကို တကယ့် အရေးကြီးတဲ့ကိစ္စတွေမှာကူညီနိုင်တယ်၊ ဘဝနေမှု ပုံစံပြောင်းလာပြီး ရည်မှန်းချက်တွေ ပိုပြီးခိုင်မာလာတယ်၊  အတိတ်က ဘယ်အကြောင်းတရားက ဒုက္ခဖြစ်စေသလဲဆိုတာကိုလည်း သိမြင်နိုင်ပါတယ်။ လက်တွေ့အားထုတ်သူများကို အားပေးလိုတာက တရားပုံမှန် အားထုတ်နေရုံသာ မဟုတ်ဘဲ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ ကောင်းကောင်း လေ့ကျင့်ခန်းလုပ်၊ လမ်းမှန်မှန်လျှောက်ကာ မိသားစု မိတ်ဆွေများနှင့်လည်း အဆက်သွယ်မပြတ်စေဖို့ ဖြစ်ပါတယ်။ David အကြောင်းကို ပိုသိဖို့ သူ့ရဲ့ website ကိုဝင်ကြည့်ပါ။  

Gary Leung အရင်က မြန်မာပြည်ကို ခဏခဏရောက်ဖူးပြီး လက်ရှိ ၈လကြာခရီးမှာတော့ လုပ်ငန်းစတင်ဖို့လည်းဖြစ်တယ်။ ဒီတခေါက်တော့ တရားပြဆရာများထံ လေ့လာနိုင်ဖို့ မျှော်လင့်ထားပြီး ဗုဒ္ဓဘာသာရေးဆိုင်ရာ နေရာများကိုအလည်သွားဖို့လည်း စီစဉ်ထားပါတယ်။ ဓမ္မခရီးစဉ်က မိမိစီစဉ်ထားတဲ့အတိုင်း စစ်ကိုင်းတောင်ရိုးပေါ်ရှိ ကျစွာကျောင်း တရားစခန်းထိ အနည်းနဲ့အများတော့ တိုးတက်မှုရှိနေပါတယ်။ ဒီစခန်းမတိုင်မီ ရဟန်းခံဖို့လည်း ဆုံးဖြတ်ထားခဲ့ပြီး အခြားအမျိုးသားတဦး၊ အမျိုးသမီးယောဂီနှစ်ဦးလည်း လိုက်ပါခဲ့ပါတယ်။ 

Gary အနေနဲ့ အသက်အားဖြင့် အကြီးဆုံးဖြစ်တာကြောင့် ဓမ္မာရုံနှင့် ဆွမ်းစားဆောင်သို့ နေ့စဉ် စီတန်းကြွချီရာမှာ ဦးဆောင်ရပါတယ်။ ယောဂီများကလည်း ဂါရဝပြုကြပါတယ်။ ကိုယ့်ဆီမှာ ဒီလို ရှေးဗုဒ္ဓဘာသာအစဉ်အလာ ကိန်းအောင်းနေတာက အရမ်းလေးနက်တဲ့ ခံစားမှုမျိုးပါပဲ။ ဒါကိုပဲ အတတ်နိုင်ဆုံးကြိုးစားပြီး သူကတာဝန်ကျေပွန်အောင် ထိန်းသိမ်းခဲ့ပါတယ်။ ဒါကလည်း နောက်ပိုင်းကြုံလာမဲ့ အရေးပါတဲ့ထိုးထွင်းသိမြင်မှုတခု အနေနဲ့—အနတ္တ သဘောအရ သတ္တဝါအားလုံးနဲ့ ဆက်စပ်နေတဲ့ ခံစားမှုဆီ ဦးတည်နေတဲ့အရာလို့ သူနားလည်ခဲ့ပါတယ်။  

တရားစခန်းပြီးဆုံးတဲ့အခါ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုသတင်းကို ပထမဆုံးကြားသိရပေမဲ့ တကယ့်အခြေအနေကို နားမလည်နိုင်သေးပါဘူး။ တရားပြဆရာများက ယောဂီများကို လက်သန့်ဆေးရည် သုံးဖို့ ညွှန်ကြားတာကိုပဲ နားမလည်နိုင်ဖြစ်နေပါသေးတယ်။ မိတ်ဆွေနှင့် တွေ့ဆုံဖို့ မုံရွာနားရှိ ဖိုလ်ဝင်တောင်ကို ခရီးဆက်ခဲ့ပြီး ချမ်းမြေ့မြိုင်ကျောင်းတွင် မေတ္တာကမ္မဋ္ဌာန်း ဆက်အားထုတ်ခဲ့ပါတယ်။ အဲဒီမှာပဲ တဆက်တည်း အသံတိတ် ဝိပဿနာတရားလည်း အားထုတ်ခဲ့ပါတယ် - ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေ မသိရလောက်တဲ့ ကာလရှည်တခုပါပဲ။ အဲဒီစခန်းပွဲပြီးနောက် ကြားရတာက အနီးနားက ဖားအောက်ကျောင်းကလည်း လုံးဝပိတ်လိုက်ပြီဆိုတာပါပဲ။ နောက်ထပ် တနေရာသွားခဲ့တာကတော့ ရန်ကုန် သဘာဝ ဘုန်းကြီးကျောင်းပါပဲ။ အဲ့ဒီမှာတော့ နေ့စဉ်နေ့တိုင်း သတင်းသစ်များ ကြားရပါတယ်။ ကူးစက်ရောဂါက ဘယ်လောက် ပြင်းထန်လဲဆိုတာ အဲ့ဒီမှာ စသိလာပါတယ်။ စိတ်ဝင်စားစရာက တရားစခန်းဝင်စဉ် ရံဖန်ရံခါကြားတဲ့သတင်းများထက် နေ့စဉ်သတင်းတွေက စိုးရိမ်စိတ်တွေမြင့်တက်လာစေတယ် ဆိုတော့ကား ဆိတ်ငြိမ်ရာအရပ်သည် လုံခြုံရာအရပ်ပါပဲ။

ဩစတေးလျ အစိုးရက မိမိတို့နိုင်ငံသားများကို အမြန်ဆုံးပြန်လာဖို့ ခေါ်တဲ့အခါ လေယာဉ်ရဖို့ အခက်တွေ့ခဲ့သော်လည်း Gary က ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ ခရီးစဉ်ကို ထိုင်းနိုင်ငံရှိ တောကျောင်းများတွင် ဆက်လက်အားထုတ်ရန် ရည်ရွယ်ထားခဲ့ပြီး အခုတော့ ဗမာပြည် အဝေးတနေရာကဂူထဲမှာပဲ ကပ်ရောဂါဘေး ကျော်လွှားဖို့ စဉ်းစားထားပေမဲ့လည်း ဗမာလူမျိုးအများစုအတွက် နိုင်ငံခြားသားများသည် ရောဂါအရင်သယ်လာသူများဟူသော အကြောက်တရားကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် ဆစ်ဒနီကို ပြန်သွားခဲ့ပြီး မိဘများနေအိမ်ရှိ သူ ကလေးဘဝတုန်းက နေခဲ့တဲ့အခန်းမှာ သီးသန့်ခွဲနေထိုင်ခဲ့သည်။ မိဘများက အစားအသောက်ကို အခန်းရှေ့အရောက်လည်း ပို့ပေးကြပါတယ်။ တဖြည်းဖြည်းနဲ့ အိမ်ရောက်တဲ့ ခံစားချက်ပြန်လည်ရရှိလာပြီး အရင်တုန်းက လေ့လာချင်ခဲ့ပြီး မလေ့လာဖြစ်သေးခဲ့တာတွေကို အွန်လိုင်းမှတဆင့် တရားပြဆရာများနှင့် လေ့လာနိုင်ခဲ့ပါတယ်။

Shwe Lan Ga LayComment