CDMကို ကတိကဝတ်ပြုထားသော သူနာပြုဆရာမတဦး

ကျွန်ုပ်တို့ CDM လှုပ်ရှားမှုတွင်ပါဝင်သောသူနာပြုဆရာမတစ်ဦးနှင့်ဆက်သွယ်ခဲ့သည်။ သူမ၏ ကိုယ်တွေ့အဖြစ်အပျက်ကိုပြောပြ၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုအပေါ်  သူမ၏ ကတိကဝတ်ကို ပြသခဲ့ပါသည်။ သို့သော် သူမနှင့်အခြားသူများ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ အကြမ်းမဖက်ခုခံတိုက်ခိုက်မှုတွင် ဆက်လက်ရှိနေရန် ကျွန်ုပ်တို့၏ထောက်ခံမှု လိုအပ်နေသည်။

စစ်တပ်ကအတင်းကျမကိုပြန်လာခိုင်းရင်အလုပ်ကနှုတ်ထွက်မယ်

“အာဏာသိမ်းမှုဖြစ်တုန်းက ကျမကသင်တန်းတက် နေတုန်းပဲရှိသေးတယ်။ ကျမကို ဧရာဝတီ Covid စင်တာ (ရန်ကုန်သဃင်္န်းကျွန်း) Covid ကာကွယ်ရေး အဖွဲ့မှာတာဝန်ကျနေပါတယ်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် Covid စင်တာ ၁၃ ရက်နေ့မှာပိတ်လိုက်တယ်။ လကုန်ပိုင်းလောက်မှာ ကျမတို့ အရင်ကျခဲ့တဲ့ ပြင်ဦးလွင်ဆေးရုံကို ပြန်ပို့ဖို့ စီစဉ်ကြတယ်။ ဒါပေမဲ့ ကျမက CDM မှာပါဝင်မှာမို့ ဆေးရုံကိုပြန်မလာတော့ဘူးလို့ သူတို့ကိုပြောလိုက်တယ်။

ဖေဖော်ဝါရီလအကုန်ကစပြီး ကျမအလုပ်သွားတာ ရပ်လိုက်တယ်။ ကျမ ပထမအကြိမ် ကာကွယ်ဆေး ထိုးထားပြီးပြီမို့  သူတို့က မတ်လကုန်ပြန်ခေါ်ပြီး ဒုတိယအကြိမ်ဆေးထိုးရမယ်၊  လစာလဲလာယူပါလို့ ပြေတယ်။ ဒါပေမယ့် ကျမ ဒုတိယဆေးလဲမထိုးတော့ဘူး၊ ဘာလစာမှလဲ မယူတော့ဘူးလို့ ဆုံးဖြတ် လိုက်တယ်။

ကျမ အဖေက စစ်တပ်က၊ အခုတော့အနားယူလိုက်ပါပြီ။ ကျမအမေက ပညာရေး၀န်ကြီးဌာနမှာ အလုပ်လုပ်ပါတယ်။ သူလဲ CDM မှာပါပါတယ်။ ကျမဇာတိမြို့ကို ပြန်သွားပြီး၊ အခု မိဘတွေနဲ့အတူ နေနေပါတယ်။ ဒါကြောင့် အခုဝင်ငွေမရှိပေမဲ့ အနည်းဆုံးတော့ သူတို့ကကျွေးမွေးထားကြပါတယ်။

စစ်တပ်ကအတင်းကျမကို ပြန်လာခိုင်းရင် အလုပ်ကနှုတ်ထွက်မယ်။ ရိုးရိုးသားသားပြောရရင် ကျမသင်တန်းဆင်းပြီး ဘွဲ့ရဘို့သာလိုချင်တာပါ။  ဘွဲ့ရဘို့ လေးလပဲ ကျန်ပါတော့တယ်။ ကျမ အဖမ်းခံရမှာကြောက်တယ်။ ဒါပေမယ့် မှန်ကန်တဲ့ဖက်ကရပ်တည်ချင်တယ်။ ကျမသူငယ်ချင်း တော်တော်များများလည်း CDM မှာ ပါ၀င်ပြီး သူတို့ဇာတိမြို့ကိုပြန်သွားကြတယ်။ ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လိုနေကြလဲ၊ ဘယ်သူတွေ အဖမ်းခံရလဲ၊ နိုင်ငံရေးအခြေအနေ ဘယ်လိုရှိလဲ အဲဒီသတင်းတွေဖလှယ်ရင်း တခါတခါ ဆက်သွယ်စကားပြောကြပါတယ်။

ကျမရဲ့ တချို့သူငယ်ချင်းတွေက အရမ်းစိတ်ပြင်းထန်တယ်။ သူတို့က မန္တလေးဆေးရုံမှာ အလုပ်လုပ်ခဲ့တယ်။ အခု CDM မှာပါဝင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြမှုတွေမှာလဲ ပါဝင်ကြတယ်။ နေပြည်တော်ကကုတင် ၁၀၀၀ မှာ ရှိတဲ့ ကျမသူငယ်ချင်းကလည်း အရမ်းစိတ်မာတယ်။ သူက ဖုန်းပိတ်ပြီး ဘယ်သူမှရှာမတွေ့နိုင်အောင် အမှောင်ချသွားတယ်။ ဒါမှ သူတို့အပြည့်အဝ တော်လှန်ရေးတိုက်ပွဲမှာ ပါ၀င်နိုင်မယ်။

ကျမက CDM ထိရောက်တယ်လို့ ထင်ပါတယ်။ ကျမတို့ အသိုင်းအဝိုင်းမှာ MOHS (ကျန်းမာရေးဝန်ကြီးဌာန) က CDM လုပ်နေတဲ့ သူတွေအများကြီးရှိတာ ကျမသိတယ်။ စစ်တပ်က ဆေးရုံတွေကို ဆက်လည်ပတ်နေအောင်ကြိုးစားပေမဲ့ မရပါဘူး။ လူတွေကျမကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့မေးခွန်းတွေ လာမေးရင် ကျမတတ်နိုင်သလောက်ဖြေပြီး တတ်နိုင်သလောက်ကြိုးစား အကူအညီပေးပါမယ်။ ဒါပေမဲ့  ဆေးရုံကိုတော့ ကျမပြန်မသွားချင်တော့ဘူး။

အခုတချို့လူတွေ အလုပ်ပြန်ဆင်းနေကြပြီလို့ ကျမကြားတယ်။  ဒါပေမဲ့ ကျမသိတာတော့ ပြည်တော်က OG (OBGYN) ဆေးရုံမှာလုပ်တဲ့ သူငယ်ချင်းတစ်ဦးဘဲ အလုပ်ပြန်ဆင်းတာသိပါတယ်။ တချို့လူတွေ ငွေကြေးအခက်အခဲကြုံတွေ့နေကြရပြီး သူတို့ရဲ့မိသားစုတွေကိုထောက်ပံ့ဖို့လိုလို့ ပြန်ဆင်းတာကို ကျမ ကြားပါတယ်။ တချို့ကျတော့ စစ်တပ်က သူတို့မိဘတွေဆီကို စာပို့ပြီး မိဘတွေကတဆင့် သူတို့ ကလေးတွေကို ပြန်လာဖို့ ဖိအားပေးနေတယ်။ တချို့ကျတော့ ကြောက်တယ်။ ရွေးစရာကလဲ ပြန်သွားမလား (သို့) ထွက်မလား နှစ်ခုပဲရှိတယ်။

တစ်နေ့က မော်လမြိုင်ဆေးရုံက သူငယ်ချင်းမိန်းကလေးတွေက ဖုန်းဆက်တယ်။ သူတို့ရဲ့ သူငယ်ချင်းတချို့ အလုပ်ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ အဲဒါကျမရော အလုပ်ပြန်ဆင်းမှာလားလို့ မေးတယ်။ ကျမက မဆင်းဘူးလို့ပြန်ပြောလိုက်တယ်။ သူတို့က ကျမအောက်က ဂျူနီယာလူငယ်တွေပါ၊ ဒါကြောင့် သူတို့အတွက် ကျမအားတင်းပြချင်တယ်။ သူတို့က ကျမပြန်မသွားရင်သူတို့လည်း ပြန်မသွားဘူးလို့ပြောတယ်။ CDM ကိုလုပ်နိုင်သမျှ ကာလပတ်လုံးဆက်လုပ်ချင်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါကအရမ်းထိရောက်မှုရှိလို့။”