ဗုဒ္ဓဘာသာ ဗမာလူမျိုး၏ အခွင့်ထူးခံမှုကို သိမြင်ခြင်း

သော်ထက်နဲ့ ပြောဆိုထားတဲ့ ကျွန်တော်ရဲ့ ထွက်ရှိလာမယ့် podcast ထဲက စာသားလေးပါ။ လတ်တလော သတင်းတွေအရ ဒီစကားဝိုင်းထဲက ဒီစာသားလေးကို ထုတ်ပြပေးဖို့ အစောတလျှင် လိုအပ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

ဒီတိုင်းရင်းသားတွေဟာ တစ်ချိန်လုံး ကျွန်တော်တို့အပေါ်ကောင်းခဲ့ကြတယ်ဆိုတာ အခုမှကျွန်တော်သိလိုက်ရတယ်ဗျာ။ သူတို့ဟာ ကျွန်တော့်ရှေ့မှာ တစ်ချိန်လုံး ရှိနေပေးခဲ့ကြတယ်။
— သော်ထက်

သော်ထက်။ ။ အခု အရိုးသားဆုံး ကျွန်တော်ဝန်ခံပြောဆိုသွားပါမယ်။ ကျွန်တော် ၈တန်းနှစ် အသက် ၁၄နှစ်တုန်းက ကရင်လူမျိုး ခရစ်ယာန် ကျောင်းသားသစ်လေး တစ်ယောက် ကျွန်တော်တို့ အတန်းထဲ ရောက်လာတယ်။ ကျွန်တော် သူ့ကို တကယ်ပဲသဘောမတွေ့ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ငါဟာ တခြားတိုင်းရင်းသား၊ တခြားဘာသာဝင်တွေထက် အထက်တန်းကျတယ်ဆိုတဲ့ ခံစားချက်တွေ ရှိနေခဲ့လို့ပဲ။ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေဟာ မြန်မာနိုင်ငံမှာဆိုရင် သီးသန့်မျိုးနွယ်ဝင်သကဲ့သို့ ဖြစ်တယ်ဆိုတဲ့သဘောမျိုး သင်ကြားခံခဲ့ကြရတယ်။ ကျွန်တော်ဟာလည်း တကယ်တမ်းတော့ ထိုကဲ့သို့ဦးဏှောက်မှိုင်းတိုက်ခံခဲ့ရတဲ့သူတွေထဲက တစ်ယောက်ပါပဲ။

ကျွန်တော်တို့ ပိန်းပိတ်နေအောင် ဦးဏှောက်မှိုင်းတိုက်ခံရတယ်ဆိုတာ ကျွန်တော်ဘယ်လိုသိလာသလဲဆိုတော့ ကလေးမြို့မှာရေကာတာကျိုးပေါက်တုန်းက ဒုက္ခသည်တွေကို ကူညီဖို့သွားခဲ့တုန်းကပါ။ ကျွန်တော်အဲဒီမြို့ကိုရောက်သွားတုန်းက တခြားတိုင်းရင်သားတွေနဲ့တွေ့ခဲ့တော့ ကျွန်တော်ကြားဖူးတာတွေဟာ အမှန်တရားမဟုတ်တဲ့ ကောလဟလတွေသာဖြစ်နေခဲ့ပါတယ်။ တကယ်တမ်းတော့ သူတို့တတွေဟာ ကျွန်တော့်ဘဝထဲတွေဖူးခဲ့သမျှလူတိုင်းထက် ပိုပြီးတော့ဖော်ရွေပြူငှါကြသူတွေပဲဖြစ်ပါတယ်။

ကျွန်တော်ရန်ကုန်သားတော့မဟုတ်ဘူး၊ မန္တလေးကပါ။ မန္တလေးဟာ ဗမာတွေက နယ်ချဲ့အုပ်စိုးထားတဲ့ဒေသဖြစ်တယ်။ ငါတို့မှမသိခဲ့ဘဲလို့ ခင်ဗျားပြောချင်ပြောလိမ့်မယ်။ ဒါပေမယ့် တကယ်က ကျွန်တော်တို့ဆီမှာ သိနိုင်ဖို့ အခွင့်အရေးတွေအများကြီးရှိခဲ့တယ်။ ဒါကို ကျွန်တော်တို့ လစ်လျူရှုခဲ့ကြတာ။ ကျွန်တော်ဟာ အဲလိုလူတွေထဲက တစ်ယောက်ပဲ။ ဒါကိုသိလိုက်ရတော့ ကျွန်တော်ထိတ်လန့်မိတယ်။

တခါကလည်း ကျွန်တော် ပိုက််ဆံအရေးတကြီးလိုနေတုန်းက နှစ်ပေါင်းများစွာပေါင်းလာတဲ့ ဗမာသူငယ်ချင်းတွေကို အကူအညီတောင်းပေမယ့် ဘာအကူအညီမှမရခဲဘူး။ ဒါပေမယ့် ခင်တာသုံးလပဲရှိသေးတဲ့ အဲဒီ ကရင်လူမျိုး ခရစ်ယာန်သူငယ်ချင်းက ကျွန်တော်လိုတဲ့ငွေကို အချိန်မရွေးယူနိုင်ကြောင်း ပြောခဲ့တယ်။ ကျွန်တော်ရင်ထဲထိသွားတဲ့ အခိုက်အတန့်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်တဘဝလုံး ဒီတိုင်းရင်သားတွေ ငါတို့ဗမာတွေကို မုန်းတယ်လို့ ထင်နေမိခဲ့လို့ပဲ။ တကယ်လည်း ကျွန်တော်တို့ကို သူတို့မုန်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်အားကြီးစစ်တပ်က ဗမာစစ်တပ်မို့လို့ပဲ။ ဒါကြောင့် သူတို့မုန်းမယ်ဆိုလည်းမုန်းထိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကြင်နာတရားက ကျွန်တော့်ကိုလမ်းမှန်ပြပေးခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျွန်တော်ဟာ တိုင်းရင်းသားလူမျိုး အမျိုးမျိုးနဲ့ သူငယ်ချင်းဖြစ်အောင်ကြိုးစားခဲ့ပါတယ်။

ဒီတိုင်းရင်းသားတွေဟာ တစ်ချိန်လုံး ကျွန်တော်တို့အပေါ်ကောင်းခဲ့ကြတယ်ဆိုတာ အခုမှကျွန်တော်သိလိုက်ရတယ်ဗျာ။ သူတို့ဟာ ကျွန်တော့်ရှေ့မှာ တစ်ချိန်လုံး ရှိနေပေးခဲ့ကြတယ်။

ဒီလိုနဲ့ ကျွန်တော့် တိုင်ရင်းသားသူငယ်ချင်းတွေနဲ့ ကောင်းတဲ့ စကာဝိုင်းလေးတစ်ခု ပြောဖြစ်ခဲ့တယ်။ ကျွန်တော်တို့လို ဗမာလူငယ်သူငယ်ချင်းတွေရှိပြီး ပညာတတ် တိုင်းရင်းသားတွေက ဗမာတွေကို မမုန်းကြဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က  သူတို့ထက်ထူးပြီးခြားနားနေတာ တကယ်တမ်းဘာမှမရှိလို့ပဲ။ ဒါပေမယ့် ဗမာသူငယ်ချင်းမရှိသူတွေကတော့ ဗမာတွေကို ဗမာစစ်တပ်နဲ့တူတူပဲလို့မြင်ပြီး ဗမာမှန်ရင် မုန်းကိုမုန်းကြတယ်။ ဒါလည်း သူတို့ အပြစ်တော့မဟုတ်ပါဘူး။

ဗမာဖြစ်တဲ့ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဗမာစစ်တပ်က နှိပ်စက် သတ်ဖြတ်မှုတွေအကြောင်းကို သိသင့်သလောက် မသိခဲ့ကြဘူး။

တင်ဆက်သူ။ ။ ဒီအကြောင်းကြားရတာ ကျွန်တော့်နိုင်ငံမှာ ဖြစ်နေတဲ့ Black Lives Matter လှုပ်ရှားမှုကို သွားသတိရတယ်။ အဲဒီမှာ အမေရိကန်ရဲ့ လူမျိုးကြီးဖြစ်တဲ့၊ အခွင့်ထူးခံတွေဖြစ်တဲ့ လူဖြူတွေကြားမှာ ဒီလှုပ်ရှားမှုက အခုနောက်ပိုင်း အာရုံစိုက်ခံလာရတယ်။ တချို့ဆို အရင်က ဒီလှုပ်ရှားမှုရှိခဲ့ဖူးမှန်းတောင်မသိကြဘူး။ မနှစ်ကမှ အမေရိကန်မှာ လူနည်းစု လူမျိုးတွေမှာ ဘယ်လိုဖိနှိပ်ခံလာရသလဲဆိုတာ လူအများအပြားက စတင်သဘောပေါက်နားလည်လာခဲ့ကြတယ်။ နိုင်ငံမှာ နှစ်ပေါင်းများစွာ ဘက်လိုက်ပြီး မမျှတစွာဆက်ဆံခံခဲ့ကြရတယ်။ အဲဒီမှာ လူမျိုးကြီးဖြစ်တဲ့ လူဖြူများစွာကတော့ ဒီအဖြစ်အပျက် အမှန်တွေကို  မသိခဲ့ကြဘူး။ ဒါကြောင့် သူတို့ဟာ ဒါကို သနားငဲ့ညာမှုမျိုးလည်း မထားခဲ့ကြဘူး။ BLM ဆန္ဒပြမှုတွေ၊ လှုပ်ရှားမှုတွေ မနှစ်က ပေါ်ပေါက်လာခဲ့တော့ ဒါဟာ အခွင့်ထူးခံ ဘက်လိုက်မှုတွေကြားက စနစ်မှာ နေထိုင်လာခဲ့တဲ့ လူဖြူများစွာတို့ရဲ့ မျက်စိကိုဖွင့်ပေးလိုက်သလိုပါပဲ။ များစွာသော ပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေဟာ ဒီအရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။ မြန်မာ့အရေးမှာလည်း Generation Z တွေပေါက်ရောက်နိုင်သလောက်ထိကို တိုင်းပြည်တွင်းက လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးမှာ ဘယ်လောက်တောင်ပေါက်ရောက်နိုင်သလဲလို့ တွေးမိပါတယ်။ ဒီမြန်မာ့အရေးလှုပ်ရှားမှုကနေ တိုင်းရင်းသားတွေဟာ ဘယ်လောက်တောင်ပိုပြီး ဒုက္ခသုက္ခတွေခံစားခဲ့ရသလဲဆိုတာကို အမျိုးမျိုးသောအခွင့်ထူးခံတွေရပြီးနေခဲ့ရမှန်းမသိခဲ့တဲ့ ဗမာတွေအတွက် မီးမောင်းထိုးပြနေသလိုပါပဲ။ ကိုယ်ဘယ်တော့မှလိုလားမှာမျိုးမဟုတ်တဲ့ ကိုယ်လုံးဝသတိပြုမိတဲ့ အဆင့်အတန်းခွဲတာတွေ၊ ဘက်လိုက်တာတွေစတဲ့ ပြဿနာတွေ အခုထက်ပိုပြီးကိုရှိနေပါတယ်။ အခုလို ဒီအရေးကို အသိအမှတ်ပြုခံရတော့ အခုတော့ ဒီစနစ်ရဲ့ ဘက်လိုက်မှု၊ အခွင့်အထူးခံမှုတွေကို စစ်ကြောခံနေရပြီနော်။

သော်ထက်။ ။ အာဏာသိမ်းမှုမတိုင်ခင်က ဗမာလူမျိုးအများစုက မသိကျိုးကျွံပြုမိနေခဲ့ကြတယ်။ ဒီမသိကျိုးကျွံပြုမှုကို ဖြေရှင်းဖို့ဆိုရင် မိမိတို့ကိုယ်ကို အပြန်ပြန်အလှန်လှန်သုံးသပ်မှုတွေနဲ့ သတ္တိအတော်လေးလိုအပ်ပါတယ်။ ကျွန်တော်လည်းအရင်က မသိကျိုးကျွံပြုနေခဲ့ပါတယ်။ ဘာတွေတကယ်ဖြစ်ပျက်နေသလဲဆိုတာကို နားလည်သဘောပေါက်ဖို့ ကျွန်တော့အတွက် အနည်းဆုံး၂နှစ်လောက်အချိန်ပေးခဲ့ရပါတယ်။

ဒီကာလမှာတော့ ဗမာတွေပြောလာကြတာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ လက်နက်ရှိပြီး ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေကိုသတ်ဖြတ်နေတာကတော့ ဗမာစစ်တပ်ဖြစ်နေတယ်လို့ ပြောလာကြတယ်။ ဒါကြောင့် အခုဆိုရင် စစ်တပ်ကိုနှစ်၆၀လောက် EOAတွေက တောက်လျှောက်တော်လှန်လာနေတဲ့အချိန်မှာ ကျွန်တော်တို့တွေက လက်ဗလာသမားတွေ တဖန်ဖြစ်လာတယ်။

ဒါတောင်မှ မိမိတို့က အထက်တန်းတလွှာမှာ ရှိမနေဘူးဆိုတာကို ဗမာအတော်များများက လက်မခံနိုင်ကြသေးဘူး။

ခင်ဗျားသာ မြန်မာလိုဖတ်တတ်မယ်ဆိုရင် လိုင်းပေါ်က ကွန်မန့်တွေမှာ ဒီအမြင်တွေကို တွေ့ရလိမ့်မယ်။ ဥပမာဆိုရင် ရခိုင်တပ်မတော်က ဖက်ဒရယ်စစ်တပ်ထဲပါဝင်လှုပ်ရှားဖို့ ကမ်းလှမ်းတဲ့ NUG နဲ့မပူးပေါင်းခဲ့ဘူး။ ဒီတော့ ဗမာတစ်ယောက်ဖြစ်တဲ့ကျွန်တော်အနေနဲ့ ‘နှစ်ပေါင်းများစွာ ရခိုင်လူမျိုးတွေကို မသိကျိုးကျွံပြုနေခဲ့တာတွေအတွက်တောင်းပန်ပါတယ်’လို့ တုံ့ပြန်ပြောဆိုရမှာပါပဲ။

ဒါပေမယ့် အဲဒီအစား ဗမာလူမျိုး လူကြီးပိုင်းတွေက ဘာပြောလဲဆိုရင် ဒါဟာ ရခိုင်တပ်မတော်နဲ့ ရခိုင်တွေဟာ ဒီအာဏာသိမ်းစစ်တပ်နဲ့ ပေါင်းချင်တဲ့သဘောပေါ့တဲ့။ ရခိုင်တပ်မတော်ဟာ ဗမာလူမျိုး ဆန္ဒပြလှုပ်ရှားသူတွေနဲ့ တစ်သားတည်းဖြစ်ရမယ်၊ အာဏာသိမ်းစစ်တပ်နဲ့ မပေါင်းရဘူးတဲ့။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ စစ်တပ်ရဲ အနိုင်ကျင့်နှိပ်စက်မှုကို နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဒီလူနည်းစုတိုင်းရင်သားလူမျိုးတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးရမယ်လို့ ထင်တယ်။ အာဏာသိမ်းစစ်တပ်နဲ့ပေါင်းပြီး ဗမာတွေကိုမသတ်တာကိုပဲ သူတို့ကို ကျေးဇူးတင်ရမယ်။ 

ကျွန်တော့်အထင် ဗမာတွေအတော်များများအခုတော့ မိမိရဲ့မသိကျိုးကျွံပြုမှုတွေကို လက်ခံလာကြပြီ။ မြန်မာပြည်တခွင်က တိုင်းရင်းသားတွေအတွက် ကူညီရိုင်းပင်းချင်လာကြပြီ။ ဒါတောင်မှ မိမိတို့ဗမာက အထက်တန်းတလွှာမှာရှိတယ်ဆိုတဲ့ စိတ်ခံစားမှုကို လက်မလွှတ်ချင်သူတွေအတော်လေးရှိကြတုန်းပဲ။

တကယ်တမ်း ကျွန်တော်လည်း ဒီစိတ်ခံစားမှုမျိုးရှိခဲ့ဖူးပါတယ်။ အဲဒါက လုံးဝဖျောက်ဖျက်ဖို့ အတော်ခက်တယ်။ ကျွန်တော့်ရင်ထဲမှာ ဒီအထက်တန်းတလွှာဆိုတဲ့ စိတ်ထားမျိုးကျန်နေသေးသလားလို့ အခုချိန်ထိ ကျွန်တော့်ကိုယ်ကျွန်တော်သုံးသပ်နေဆဲပါပဲ။ ဒါကြောင့် ကျွန်တော့်အမြင် ဗမာလူမျိုးတွေဟာ မိမိမသိကျိုးကျွံပြုမှုတွေကို အချိန်ယူသုံးသပ်ပြီး လက်ခံရမယ်၊တိုင်းရင်သားလူနည်းစုတွေကို လက်ခံရပါမယ်။ အခုလူငယ်အများစုမြင်တဲ့အမြင်မျိုး ဗမာလူမျိုးတွေအားလုံးသိမြင်လာတဲ့အထိရောက်အောင် အတော်လျှောက်လှမ်းကြရဦးမယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။

တင်ဆက်သူ။ ။ တစ်ဖက်မှာလည်း မိမိဟာ အထက်တန်းလွှာမှာရှိတယ်ဆိုတဲ့ ခံစားချက်ဟာ ခံစားလို့ကောင်းပြီး တစ်စုံတစ်ယောက်အဖို့လက်လွှတ်ချင်တဲ့ ခံစားမှုမျိုးမဟုတ်ပါဘူး။ တခြားတစ်ဖက်မှာလည်း မိမိတို့ဟာ အစကတည်းက အခွင့်ထူးခံတွေဖြစ်နေခဲ့တယ်ဆိုတာကို အသိအမှတ်မပြုချင်တဲ့ အခါတွေလည်းရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူအတော်များများက မိမိဟာ ဘာမဆိုလွယ်လွယ်ရခဲ့သူတစ်ယောက်အနေနဲ့ထက်  မိမိဟာ လူ့အဖွဲ့အစည်းမှာ ဘာကိုမှ လွယ်လွယ်နဲ့ရခဲ့တဲ့သူမဟုတ်ဘူး၊ အများတန်းတူ မိမိမှာလည်း အခက်အခဲဆိုတာ ဖြတ်သန်းခဲ့ရပါတယ်လို့ ကိုယ့်ကိုယ်ကိုပိုမြင်ချင်ကြလို့ပါ။ စနစ်တစ်ခုမှာ မိမိဟာ အခွင့်အထူးခံဖြစ်နေတယ်၊ အခွင့်ထူးခံလူမျိုးထဲမှာပါနေတယ်ဆိုတာကို တကယ်နားလည်လက်ခံဖို့  မိမိက အမျိုးမျိုးအခွင့်ထူးတွေယူနေပြီး တခြားသူတွေမရနေခဲ့ဘူးဆိုတာကို နားလည်လက်ခံရတာက တကယ့်ကို အောင့်သက်နာကျင်ရတဲ့အသိမျိုးပါ။ လူတစ်ဦးအတွက် ဒါမျိုးနားလည်လက်ခံနိုင်တဲ့အခြေအနေထိ ဖြစ်ဖို့ဆိုတာကလည်းအတော်လေးသွားရတဲ့ ခရီးရှည်တစ်ခုပါပဲ။