အပိုင်း (၃) ဆရာလေး ပီယဒဿီ (ဗုဒ္ဓဘာသာ သီလရှင်၊ ကမ္မဋ္ဌာန်းအားထုတ်သူ၊ ပညာရှင်။)

ဆိုဗီယက် ပြည်ထောင်စု၏ လောင်းရိပ်အောက်ရှိ လစ်သူနီးယားနိုင်ငံမှာ ကြီးပြင်းခဲ့သူ၊၊ နိုင်ငံခြားသူ ယောဂီတဦး မြန်မာပြည်တွင် သီလရှင်ဝတ်ထားသော ဆရာလေး ပီယဒဿီကို Joah မှ ဆက်သွယ်ထားပါသည်။ ဆရာလေး ကနဦး စိတ်အားထက်သန်ခဲ့သော ခရစ်ယာန်အယူမှာ ငယ်ရွယ်စဉ်ကတည်းက အားပျော့ပျက်ပြယ်ခဲ့ပြီး ဆရာကြီးဦးဂိုအင်ကာနည်းအားဖြင့် ဝိပဿနာ တရားစခန်းများ ဝင်ပြီးနောက်ပိုင်းတွင် သူမ၏ ဘာသာတရားကိုင်းရှိုင်းမှုမှာ ပြန်လည်သက်ဝင် တောက်ပလာခဲ့သည်။ နောက်ပိုင်းတွင် ဆရာလေးသည် ဥရောပတခွင်ရှိ ဝိပဿနာ ရိပ်သာများ အထူးသဖြင့် ယူကေတွင် အချိန်ယူကာ စတင်အားထုတ်ခဲ့သည်။ အဲ့ဒီမှတဆင့် ဆရာလေးသည် ဗမာပြည်သို့ ရောက်ရှိဖို့အကြောင်းဖြစ်လာပြီး ၂၀၁၃ ခုနှစ်မှစ၍ ယနေ့အချိန်ထိ သီလရှင်ဘဝကို ခံယူထားပါသည်။ ယခုအခါ ဆရာလေးသည် အောက်စဖို့ဒ် ဆရာတော် တည်ထောင်သော ရှမ်းပြည် ဗုဒ္ဓတက္ကသိုလ်၊ တောင်ကြီး၌ စာပေလေ့လာနေသော အချိန်ပြည့် စာသင်သားတဦးဖြစ်ပါသည်။

ဆရာလေးသည် သာသနာ့ဘောင် စတင်ဝင်ရောက်စဉ် အစောပိုင်း အခါက အခက်အခဲများ၊  တရားထိုင်ချိန်ကို အလွန်အမင်း ကုန်လွန်စေခဲ့ကာ တရားသမားဘဝ ဟန်ချက်မညီမျှမှုတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြထားပါသည်။ စပိန်နိုင်ငံရှိ ဂူတခုထဲ၌ သီတင်းသုံးကာ မေတ္တာကမ္မဋ္ဌာန်းကို အချိန်ပြည့်အားထုတ်ခဲ့ပြီးနောက် ဗမာပြည်သို့ ထွက်ခွာခဲ့ပါသည်။ ဆရာလေးသည် သူရှာဖွေနေခဲ့တဲ့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်မျှတမှု ပြန်လည်ရရှိလာပြီးနောက် သင်္ကန်းဝတ်ဖြင့် သူမရဲ့အချိန်တွေကို ဘယ်လို အကွက်ကျကျစီစဉ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည်ပြီးနောက် ဗမာပြည်သို့ ပြန်လည်ထွက်ခွာလာခဲ့ပါသည်။

စကားဝိုင်းမှာ ဆရာလေးက သီလရှင်ဘဝ အတွေ့အကြုံများကို ဝေဝေဆာဆာ သရုပ်ဖော်ကာ ဆွေးနွေးထားပါသည်။ အဲ့ဒီထဲမှတခုမှာ စနစ်တကျရှိလှတဲ့ ကမ္မဋ္ဌာန်းကျင့်စဉ်က တဖက်၊ လက်ရှိအချိန်လေးမှာ ပွင့်လင်း ပျော့ပြောင်းစွာ နေတတ်ဖို့ တဖက် ချိန်ခွင်လျှာ ညှိယူရပုံကို ဆွေးနွေးထားပါသည်။ သီလရှင်ဘဝ အတွေ့အကြုံအရ ဗမာ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းက ရဟန်းများအပေါ် ဦးစားပေးတဲ့ ဆက်ဆံရေး နှင့်  ဖိုမ ခွဲခြားဆက်ဆံမှုအပေါ် ဆရာလေး၏ သဘောထားကိုလည်း ဆွေးနွေးထားပါသည်။ ကျင့်ကြံအားထုတ်မှုအပေါ်မှာ ဦးစားပေး အလေးထားသော ဆရာလေးသည် ပိဋကတ်စာပေလေ့လာရေး(ပရိပတ္တိ)တွင် အချိန်များစွာ ရင်းနှီး မြုပ်နှံထားခြင်းသည်လည်း အရေးကြီးကြောင်း၊ စာပေနှင့် အကျွမ်းတဝင်ရှိမှသာလျှင် စာပေမှတဆင့်သာ သိနိုင်သော နက်နဲသော ပရမတ် သဘောတရားများကို နားလည်မည် ဟု မှတ်ချက်ပေးပါသည်။ ထို့ပြင် ဆရာလေးသည် မြန်မာပြည်တွင် သီတင်းသုံးချိန်ကြာလာသည်နှင့်အမျှ မြန်မာပြည် ယဉ်ကျေးမှုသည် ဆရာလေး၏ ကျင့်ကြံအားထုတ်မှု အပေါ် အကျိုးများကြောင်း၊ အဘက်ဘက်ကနေပြီး ကျေးဇူးများကြောင်း ပြောပြထားပါသည်။ ဆရာလေးမှ ဒီနိုင်ငံမှာ သူမ၏ ပထမ ပညာသင်နှစ်နှင့် ပညာရေး အဆင့်အတန်းအကြောင်းကို ပြောပြထားပြီး နိဂုံးချုပ်ထားပါသည်။

စကားဝိုင်းပြီးတဲ့အခါ တွေ့ဆုံမေးမြန်းခန်းတခုလုံးအကြောင်းကို Zach Hessler နဲ့ ဆွေးနွေးထားပါသည်။ ဆရာလေး ဆွေးနွေးသွားတဲ့ သူမ၏ဓမ္မခရီးစဉ်တလျှောက် ပြောင်းလဲမှုများ၊ အဆင့်တခုမှာ ရပ်တန့်မနေအောင် အားထုတ်မှုများ ကိုကြားရသည်မှာ ဘယ်လို အတုယူစရာ ကောင်းကြောင်းကို Joah မှ မှတ်ချက်ပေးထားပါသည်။ အနောက်တိုင်းမှ ယောဂီများသည် သာသနာရေးနှင့် ပတ်သက်ပြီး ယေဘုယျအားဖြင့်သော်လည်းကောင်း၊ သာသနာ့ဝန်ထမ်းဘဝ အသေးစိတ်ကိုသော်လည်းကောင်း၊ အမှီအခိုကင်းသော ရဟန်း သီလရှင်ဖြစ်ဖို့ရန် ဘယ်လောက်ထိ ကျင့်ကြံရမလဲဆိုတာကို အပေါ်ယံလောက်သာ သိကြပါတယ် လို့ Joah နှင့် Zach တို့ မှတ်ချက်ပေးပါသည်။ Zach ကတော့ ဆရာလေးရဲ့ ကျင့်ကြံအားထုတ်မှု ရလဒ်ကို အင်တာဗျူးမှတဆင့် ရှင်းရှင်းလင်းလင်း သိနိုင်ကြောင်း၊ ဆရာလေးက ရိုးရှင်းတဲ့ ဘဝအပေါ် မြတ်နိုးကြောင်းကို ပီတိနှောတဲ့ လေသံဖြင့်ပြောသွားကြောင်း ထူးထူးခြားခြား မှတ်ချက်ပေးပါသည်။ နောက်ဆုံးမှာတော့ ဆရာလေး တွေ့ကြုံနေရတဲ့ ဗမာအသိုင်းအဝိုင်းမှာ သီလရှင်များအပေါ် ခွဲခြားဆက်ဆံမှုနဲ့ တောင်ကြီးရှိ ရှမ်းပြည် ဗုဒ္ဓတက္ကသိုလ် အကြောင်းကို ဆွေးနွေးရင်း အဆုံးသတ်လိုက်ပါသည်။