အပိုင်း (၃၉) : ခရီးကြမ်းအတွက် ပဲ့ပြင်ခြင်း

တိုင်းပြည်ရဲ့ ထောက်ပံ့မှုကို ခံစားနေကြတဲ့ အကြမ်းဖက်အုပ်စုမှ နိုင်ငံကို အပိုင်စီးလိုက်တာမို့ ဗမာပြည်သူတွေကို အားပေးဖို့ အဖွဲ့အစည်းအလိုက်၊ နိုင်ငံအလိုက်၊ တဦးချင်းစီအလိုက် ဆန္ဒထုတ်ဖော်ပြီး အကောင်အထည်ဖော်ဖို့ တွေးတောနေကြချိန်မှာ ဝိပဿနာ နည်းနာအစဉ်အလာတွေ ဆင်းသက်လာတဲ့ ဒီဒေသအပေါ်တင်နေတဲ့ “ကျေးဇူးကြွေး”ကို ဆပ်ဖို့ တပည့်တွေကို အမြဲသတိပေးတဲ့ ဦးဂိုအင်ကာ ဝိပဿနာအဖွဲ့အစည်းရဲ့ ဝတ္တရားက ဘာပါလဲ။

ဒါကတော့ Daniel Mayer ကိုမေးထားတဲ့ မေးခွန်းတွေထဲက တခုပါပဲ။ လက်ရှိ အာဂျင်တီးနားမှာ တရားပြသရင်း ကျွန်တော်တို့နဲ့ ဆွေးနွေးထားတာပါ။ လောကီ အရှုပ်အထွေးတွေနဲ့ စိတ်ဓာတ်ကျင့်စဉ်တွေကြား ချောမွေ့မှုမရှိတဲ့ မေးခွန်းတွေကို သေချာဖြေဆိုနိုင်သူ ဖြစ်ပါတယ်။ Juan Perón အာဏာဆုပ်ကိုင်မှုကြောင့် လွတ်လပ်မှု ဆုံးရှုံးရတာကို သည်းမခံလိုတဲ့ လူငယ်တယောက်အနေနဲ့ အာဂျင်တီးနာမှထွက်ခွါခဲ့ပါတယ်။ ဝိပဿနာ တရားပြဆရာ ဖြစ်လာပြီးနောက် တောင်အာဖရိကတဝိုက် တရားပြခဲ့ပြီး “အာဖရိကတခွင် တရားပြဖို့” Coordinating Area Teacher (CAT) ဖြစ်လာခဲ့သူပါ။ မကြာသေးမီအချိန်တွေက မတည်ငြိမ်မှုနဲ့ ကမောက်ကမ အခြေအနေတွေကို ကျော်လွှားခဲ့ကြတဲ့ နိုင်ငံတွေမှ တရားအားထုတ်သူတွေကို အကူအညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

မေးမြန်းခန်းမှာ ယောဂီတွေကို အစွန်းတဖက်ကို ယိမ်းယိုင်မသွားဖို့ အကြံပေးထားပါတယ်။ လက်ရှိအခိုက် တော်တော်လေး ခံစားနေရသူတွေအတွက် မိမိကိုယ်ကိုယ် သည်းခံဖို့နဲ့ ပိုကြီးကျယ် ပြန့်ပြောတဲ့ ကိစ္စတွေကို အမှတ်ရဖို့ - “တချို့ကိစ္စတွေမှာ ဘဝနဲ့ချီပြီး ကြာနိုင်တယ်။ ကိုယ့်ဆီမှာပဲ ပြဿနာတွေ ဖြစ်နေတယ်လို့ မထင်ပါနဲ့။ အခုဖြစ်နေတာက ကမ္ဘာ့တနေရာမှာ ဖြစ်နေတာမို့ တခြားကမ္ဘာတဖက်ခြမ်းမှာ ဖြစ်နေတာတွေ၊ ဖြစ်ခဲ့တာတွေနဲ့ ကွဲပြားတယ်လို့ မထင်ပါနဲ့”လို့ ပြောပါတယ်။ 

တဖက်မှာလည်း ဘာသိဘာသာ နေလိုတဲ့ ယောဂီတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောပါတယ်။ “တရားအားထုတ်သူအနေနဲ့ ဒီလို အကျိုးမပြု လျစ်လျူရှုတာကို လုံးဝကန့်ကွက်တယ်။ မေတ္တာကို အကြောင်းပြချက် မလုပ်သင့်ဘူး။ ပြီးတော့ မင်းလည်းနားလည်သင့်တယ်။ ဟုတ်တယ်လေ ကံဆိုတာ တချို့အခက်အခဲတွေကို ကျော်လွှာဖို့ အခွင့်အလမ်းပဲ…  ပြောရရင် အဲ့ဒီမှာ ငါရှိမနေတော့ ငါ့ကို မထိခိုက်ဘူးလေ၊ ဒါမှမဟုတ် အဲ့ဒီထဲ ငါမပါဘူးလေ၊ ဒါမဟုတ် ငါက လက်မခံဘူးလေ… ဒီလိုမျိုးတွေက ယောဂီတွေ ကိုယ့်အခန်းကဏ္ဍကဘာလဲဆိုတာ တကယ်နားလည်တာ မဟုတ်ဘူး။”     

ဓမ္မသဘောတွေဖြစ်တဲ့ ဒါန၊ သီလ၊ မေတ္တာနဲ့ ကံကိုယုံကြည်မှုစတဲ့ စရိုက်တွေက လက်ရှိ ဆန္ဒပြလှုပ်ရှားမှုတွေမှာ အသက်ဝင်နေပြီး ဆန္ဒပြသူတွေ ရင်ဆိုင်နေရတဲ့ တင်းမာပြီး အန္တရာယ်များလွန်းတဲ့ အခြေအနေတွေမှာတောင် အကြမ်းမဖက်ရေး ဆက်လက်လုပ်ဆောင်ကြတာက တရားဓမ္မ၌ ရင့်ကျက်မှုနဲ့ သတ္တိရှိမှုကို တွေ့ရတာဖြစ်လို့ Danielက သူ့အနေနဲ့ စိတ်အားတက်ရကြောင်း ဆိုပါတယ်။  

ကမ္ဘာတဝှမ်းက ရာနှင့်ချီတဲ့ တရားရိပ်သာတွေ လက်ရှိအချိန်မှာ ထောက်ပံံ့ပေးနိုင်ဖို့နဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အင်္ဂပူရီရှိ ဓမ္မဂီရိမှာ သူရှိနေခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် ချို့တဲ့နွမ်းပါးသူအများစုမှာ စားနပ်ရိက္ခာလုံလောက်မှု မရှိတော့တဲ့အတွက် သူတို့အတွက် ရန်ပုံငွေစုဆောင်းခဲ့ပါတယ်။ တနည်းပြောရရင် “ကျွန်တော်တို့ နားလည်ထားတာတွေ၊ သိထားတာတွေနဲ့ လှူဒါန်းနိုင်တာတွေက အံဝင်ဂွင်ကျဖြစ်ရဲ့လား ဆိုတဲ့ [တတ်သိနားလည်မှု]က” အရေးကြီးကြောင်း မှတ်ချက်ပေးပါတယ်။ ဝိပဿနာဌာနချုပ်ကြီးက သူတို့အသိုင်းအဝိုင်းမှ ဆင်းရဲနွမ်းပါးမှု ရိုက်ခတ်ခြင်းနဲ့ ပတ်သက်လို့ အစားရေစာ မလုံလောက်မှုကို ဂရုစိုက်ဖို့ ခြေလှမ်းတွေကျဲနေချိန်မှာ မြန်မာပြည်မှာ အခုချိန်ထိ အဖွဲ့အစည်းတွေက ဦးဆောင်ဦးရွက်ပြုပြီး မလုပ်ကြသေးပါဘူး။ Daniel ရဲ့ အကောင်းမြင်ဝါဒအတိုင်း အကောင်အထည်ဖော်နိုင်မယ့် ရိပ်သာတွေ ဘယ်လောက်များများ တွေ့ရမလဲဆိုတာ ကျွန်တော်တို့ မျှော်လင့်လျှက်။

Shwe Lan Ga Lay1 Comment