စစ်ကိုင်းတောင်ရိုးမှ အကြောင်းကြားစာ

စစ်ကိုင်းတောင်ရိုးမှ ရဟန်းတော်များနဲ့ သီလရှင်များမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲဆိုတာ ကျွန်တော်တို့ရဲ့ ဒေသခံအဖွဲ့ဝင်တယောက်က စတင်လေ့လာခဲ့ပါတယ်။ ဒီဒေသက ရာစုနှစ်များစွာကတည်းက လူသူဝေးရာအရပ်မှာ အပတ်တကုတ် ကမ္မဋ္ဌာန်း အားထုတ်ကာ တရားဓမ္မရှာဖွေလိုသူများအတွက် သမိုင်းကြောင်းအရ အလွန်တရာ အရေးကြီးတဲ့နေရာဖြစ်လို့ အာဏာသိမ်းချိန် ကြာမြင့်လာတာနဲ့အမျှ သူတို့တွေ ဘယ်လိုသွားလာနေကြသလဲလို့ ယောဂီတွေ စိုးရိမ်ပူပန်နေတဲ့နေရာ ဖြစ်နေပါပြီ။   

သူရဲ့ကနဦး အကြောင်းကြားစာက အောက်ပါအတိုင်း ဖြစ်ပါတယ်။ အကယ်၍ ရဟန်းတော်များ၊ သီလရှင်များနဲ့ အခြားပုဂ္ဂိုလ်များကို ဆွမ်း၊အာဟာရ လှူဒါန်းချင်ပါက ကျွန်တော်တို့က ဆောင်ရွက်ပေးပါမယ်။ 


ပုံမှန်နေ့တွေမှာ စစ်ကိုင်းတောင်ရိုးတလျှောက် ဘုန်းကြီးကျောင်းများမှ ဘုန်းတော်ကြီးတွေ စစ်ကိုင်းမြို့ထဲကို ဆွမ်းခံထွက်ကြပါတယ်။ စစ်ကိုင်းတောင်ရိုးတဝိုက် သီလရှင်ကျောင်းများမှ ဆရာလေးတွေကတော့ စစ်ကိုင်းမြို့ထဲမှာတင် ဆွမ်းဆန် မလုံလောက်တာမို့  မန္တလေးကို  အဖိတ်-ဥပုသ် (၇)ရက် (၈)ရက်တခါ ဆွမ်းဆန်ခံကြွကြပါတယ်။ မန္တလေးသို့ကြွတဲ့အခါ မန္တလေးမှ သီလရှင်ကျောင်းတွေမှာ တည်းခိုကြရပါတယ်။ မန္တလေးမြို့ရှိ ရပ်ကွက်ပေါင်းစုံမှာ (၂)ရက်တိတိ ဆွမ်းဆန်ခံယူပြီးမှသာ လာမည့် ရက်သတ္တပတ်အတွက် ဆွမ်းဆန် လုံလောက်ပါတယ်။

ဒါပေမဲ့ ဒီရက်တွေမှာ ဆရာလေးတွေ လုံးဝ ခရီးမကြွနိုင်ကြပါဘူး။ မန္တလေးကို မသွားရဲတော့တဲ့ အကြောင်းက (၁) ခရီးထွက်ဖို့ အကန့်အသတ်များလာခြင်း၊ (၂) မန္တလေးမှာ မထင်မှတ်တဲ့ ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်း၊ (၃) စစ်ကိုင်း-မန္တလေး ပြေးဆွဲတဲ့လိုင်းကား အရေအတွက် နည်းပါးလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

သံဃာတော်တွေမှာလည်း အခက်အခဲ ကိုယ်စီ ရှိနေပါတယ်။ ကျွန်တော်တိို့နိုင်ငံမှာ အကြမ်းဖက်မိစ္ဆာရဲ့ ဒုက္ခပေးမှုကြောင့် စစ်တပ်က တည်ငြိမ်မှုမရှိအောင်လုပ်ထားတဲ့ ဒေသရှိ ပြည်သူတွေခင်မျာ သူတို့သားသမီးတွေကို အဝေးနေရာ ပို့ထားရပါတယ်။ ကျွန်တော်တို့တွေ သိတဲ့အတိုင်း စစ်သားတွေက လူငယ်ကလေးတွေကို သတ်ပစ်ရုံမကသေးဘဲ အရှင်လတ်လတ် မီးရှို့ပစ်ကြတယ်။ လူအများစုက စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာလာပြီး ခိုလှုံဖို့ ကြိုးစားကြပါတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းကလည်း မြင့်မြတ်တဲ့နေရာအဖြစ် ဒုက္ခသည်တွေ အများကြီး ခိုလှုံရာနေရာဖြစ်လို့ မဟာမိတ်တွေက ဂျပန်တွေကို ဒီနေရာမှာ စစ်မတိုက်ဖို့ ကတိပြုထားတဲ့ နေရာအဖြစ် သမိုင်း သာဓကလည်း ရှိပါတယ်။ အခုဆို အဲ့ဒီမှာ ရှင်သာမဏေလေးများ၊ သီလရှင်လေးများ၊ မိဘမဲ့ကလေးများနဲ့ နွမ်းပါးလှတဲ့ ကလေးများ နေထိုင်နေကြပါတယ်။ ကရုဏာတရားပြည့်ဝတဲ့ ဆရာတော် ဆရာလေးတွေက ဒီကလေးတွေကို အကြင်နာမဲ့စွာ ငြင်းဆန်မှု မပြုဘဲ လက်ခံထားပြီး ပညာသင်ကြားပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။ သာသနာအတွက် ဗုဒ္ဓဘာသာဆိုင်ရာ အခြေခံများကိုလည်း သင်ကြားပေးနေပါတယ်။ အခုချိန်မှာ လူဦးရေတိုးပွားလာတဲ့ ဒေသဖြစ်လို့ အစားအစာ လုံလောက်မှု မရှိတော့သလောက်ဖြစ်နေတာမို့ ကျွန်တော်တို့မှာ စီစဉ်ဖို့ တာဝန်ရှိလာပါပြီ။

ကျွန်တော့် လေ့လာချက်အရ စစ်ကိုင်းတောင်ရိုးတလျှောက် တောင်ပေါ်၊ မြေပြန့် (တောင်ကြား၊ လိုဏ်ဂူနဲ့ ကျောက်ဆောင်တွေပါမကျန်) သံဃာအပါး ၅၀၀၀ ဝန်းကျင်နှင့် သီလရှင်အပါး ၃၀၀၀ သီတင်းသုံးကြတယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းမြို့မှာ လူဦးရေ ၃၀၇,၁၉၄ဦး နေထိုင်ပြီး လက်ရှိအခြေအနေမှာ ဒီကဘုန်းတော်ကြီးကျောင်းတွေအတွက်ရော လတ်တလော တိုးပွားလာတဲ့ ဒုက္ခသည်တွေအတွက်ပါ  အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာ လုံလုံလောက်လောက် ထောက်ပံ့နိုင်စွမ်း မရှိတော့ပါဘူး။ 

ကျွန်တော်တို့မှာ မနှစ်ကတည်းက COVID ကပ်ရောဂါ အခက်အခဲ ရှိနှင့်ပေမဲ့ ထိုစဉ်က ကျွန်တော်တို့အားလုံး အချိတ်အဆက်မိစွာဖြင့် တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဥပမာအားဖြင့် မလွန်ဆန်လှူအသင်းနဲ့ အခြားအဖွဲ့အစည်း နှစ်ခုတို့က စားသုံးဆီနဲ့ ဆားအလှူကို ဆရာတော် အရှင်တိက္ခိန္ဒ ဦးဆောင်လှူဒါန်းပြီး ပဲအမျိုးမျိုး လှူဒါန်းမှုကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာန (IBEC)မှ နိုင်ငံအနှံ့မှ အစားအစာနဲ့ ဆေးဝါးများစုဆောင်းပြီး စစ်ကိုင်းတောင်ရိုးဆီသို့ လှူဒါန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းအပြီး စစ်တပ်က အလှူရှင်တွေနဲ့  ရဟန်းသီလရှင် အပါအဝင် လူတိုင်းကို အန္တရာယ်ပြုနေတာကြောင့် ဒေသခံအဖွဲ့အစည်း ကြီးကြီးသေးသေး အားလုံးက သူတို့ရဲ့ တာဝန်တွေကို လုံးဝ ရပ်တန့်ထားလိုက်ရပါတယ်။ ဒေသခံ အလှူပေး အဖွဲ့အစည်းအနည်းငယ်မှ ဆွမ်းလှူဖွယ်များကို ကြိုးစားပြီး နည်းလမ်းရှာဖွေ စုဆောင်းပေမဲ့ စစ်ကိုင်းတောင်ရိုးတဝှမ်းလုံးရှိ ဘုန်းတော်ကြီးကျောင်းများနဲ့ သီလရှင်ကျောင်းများအတွက် လုံလောက်အောင် မစွမ်းနိုင် ဖြစ်နေပါတယ်။

ကျွန်တော့် အကြောင်းကြားစာပါ စိတ်မကောင်းစရာအဖြစ်က စစ်ကိုင်းတောင်ရိုးမှာ နေထိုင်ကြတဲ့ သံဃာတော်များ၊ သီလရှင်များ၊ ရှင်သာမဏေများ၊ လူဒကာများ၊ ဒုက္ခသည်များနဲ့ မိဘမဲ့ကလေးတွေမှာ အခုဆို စားနပ်ရိက္ခာ လုံလောက်မှု မရှိတော့ပါ။ ကျွန်တော်တို့ တိုင်းပြည်က ကမ္ဘာပေါ်မှာ အရက်ရောဆုံး တိုင်းပြည်တခု၊ သံဃာတော်များနဲ့ သီလရှင်များကို အမြဲ စောင့်ရှောက်နိုင်ခဲ့ပေမဲ့ ဒီတခါတော့ ကျွန်တော်တို့ မကျော်လွှားနိုင်တဲ့ အတားအဆီး ဖြစ်နေပါတယ်။ စီးပွားရေး ဘယ်လောက်ပင်ဆိုးပါစေ ဝေမျှဖို့ အမြဲတမ်း ရှိမှာပါ။ နှစ်တရာမှာ တကြိမ်ဖြစ်တဲ့ ကပ်ရောဂါဆိုးကြီးရန်ကတောင် ကျွန်တော်တို့နိုင်ငံ နည်းလမ်းရှာပြီး ဖြတ်သန်းနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ကို အလှူခံလို့ အလှူလုပ်လို့ ဖမ်းမယ်ဆိုရင်၊ ဘာအကြောင်းပြချက်မှ မပေးဘဲ လမ်းပေါ်မှာ ပစ်သတ်ခံရမယ်ဆိုရင် လိုအပ်ချက်တွေကို လုံလုံလောက်လောက် ရှာဖွေထောက်ပံ့ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်တို့ မသိတော့ပါ ခင်ဗျာ။ 

Shwe Lan Ga LayComment