အပိုင်း (၃၆) : မေတ္တာအလုပ်၏ စွမ်းအား

ဂျာမနီမှာ သီတင်းသုံးနေတဲ့ ဗမာ ဗုဒ္ဓဘာသာ ဆရာလေး ဆန္ဒာဓိကအတွက် မေတ္တာ(ကမ္မဋ္ဌာန်း)က အဖြေပဲ။ ဒါနဲ့ မေးခွန်းက ဘာပါလိမ့်။ မေးခွန်းက ကမ္မဋ္ဌာန်း နည်းလမ်းတွေအကြောင်း ဒါမှမဟုတ် ဆရာလေးရဲ့ အဓိက ကျင့်စဉ်အကြောင်း ဒါမဟုတ် လူမှုဆက်ဆံရေး အဆင်မပြေသူအတွက် အကြံဉာဏ်လား။ မဟုတ်ပါဘူး။ ဒီနေ့ မြန်မာပြည်မှာ ခံစားနေရတဲ့ ဖိစီးနှိပ်စက်နေတဲ့ ပြင်းထန်တဲ့ လူမှုရေး နိုင်ငံရေး အခက်အခဲတွေနဲ့ ဗမာပြည်သူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွ အသက်ဝင်လာတာနဲ့ ပတ်သက်လို့ ဘယ်လို အကောင်းဆုံး ရင်ဆိုင်မလဲဆိုတဲ့ မေးခွန်းကို ဆရာလေးမှ တုံ့ပြန်ထားတာ ဖြစ်ပါတယ်။ 

သူမနိုင်ငံမှာ လတ်တလောဖြစ်ပွားတဲ့ ပဋိပက္ခသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ပွေလိမ်ရှုပ်ထွေး အဆုံးမရှိတဲ့ အဖျက်လုပ်ရပ်ပုံစံတွေက တူညီတဲ့ အန္တရာယ် ရလဒ်ဆိုးတွေကိုသာ အားပေးနေတယ်လို့ ဆရာလေးက တွေ့နေပါတယ်။ ဒါကြောင့် သူမရဲ့ တုံ့ပြန်မှုက ရှင်းပါတယ်။ “ဆရာလေးတို့ တခြားနည်းလိုတယ်၊ ဆိုရင် မေတ္တာကလွဲပြီး တခြားနည်း မရှိပါဘူး။”

သူမနိုင်ငံကို အချင်းချင်း နာကြည်းမှု ဒေါသနဲ့ ခိုက်ရန်ဖြစ်ပွားတဲ့ အုပ်စုတွေအဖြစ် ကြည့်ရှုမယ့်အစား ဆရာလေး ဆန္ဒာဓိကအနေနဲ့ မေတ္တာရှုထောင့်က ကြည့်မယ်ဆိုရင် ကြီးလေးတဲ့ ပြဿနာရှိနေတဲ့ ပျက်ယွင်းနေတဲ့ မိသားစု အဖြစ် ကြည့်ရှုတာက ပိုပြီး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒီတင်စားမှုမှာ သားနှစ်ယောက် မွေးထားတဲ့အိမ်မှာ အကြီးက ပိုယဉ်ကျေးတယ်။ အငယ်က ဆိုးတယ် စကားနားမထောင်ဘူးဆိုရင် အငယ်ကို နှင်ထုတ်တာမျိုး စွန့်လွှတ်တာမျိုး မုန်းတီးတာမျိုးမဟုတ်ဘဲ သူလမ်းလွဲနေတာတွေကို တည့်အောင် ကူညီပေးမယ်၊ မိသားစု ရင်ခွင်မှာ ချစ်ချစ်ခင်ခင် ကြိုဆိုမယ်။ ဒီကိစ္စမှာတော့ ပေါင်းစည်း ညီညွတ်တဲ့ အသိုင်းအဝိုင်းအဖြစ် လူအဖွဲ့အစည်းတခု တည်ထောင်ဖို့ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ အခု သိထားတဲ့ နိုင်ငံအနှံ့ နေ့စဉ် ဆန္ဒပြစဉ်ကာလတွင်း တကယ့် စိတ်ဓာတ်အမှန်ကို ပြသနေတဲ့ မြန်မာပြည်က လက်ရှိအခြေအနေတွေမှ ခက်ခဲတဲ့အနေအထားကို အကောင်းမြင်ပြီး ရိုးစင်းနုနယ်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့မျှသာ မဟုတ်ဘူးလို့ ဆရာလေး ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ်။ ဥပမာအနေနဲ့ ရဲနဲ့ ဆန္ဒထုတ်ဖော်သူတွေကြား တင်းမာနေတဲ့ လိပ်ခဲတည်းလည်း အခြေအနေကို ပြည်သူတွေက ရဲအရာရှိတွေကို နေပူပူမှာ ရေအေးအေး ကမ်းပေးခြင်းဖြင့် ကျေလည်သွားအောင် ကြိုးစားခဲ့ကြကြောင်း ပြောပါတယ်။ ဒါက ရဲတွေဆီကို နည်းဗျူဟာနဲ့ အခွင့်ကောင်းတချို့ယူပြီး လိမ္မာပါးနပ်စွာ လှည့်ဖြားတာထက် မေတ္တာစိတ်နဲ့ ရိုးရှင်းရက်ရောစွာ ပြုမူကြတာလို့ မှတ်ချက်ပေးပါတယ်။ ဒီပုံစံအတိုင်းဆို အတိတ်ကတိုင်းပြည်ရဲ့ အဖျက်အမှောက်ပုံစံမျိုး နောက်ဆုံးမှာ ပျက်စီးသွားဖို့ မျှော်လင့်ချက်ရှိတယ်လို့ ခံစားမိကြောင်း ဆိုပါတယ်။    

သူမရဲ့ မျှော်လင့်ချက်ကို အသက်သွင်းနေတဲ့ ဒီလို မေတ္တာအပြုအမူတွေနဲ့သာဆိုရင် မြန်မာပြည် ပြိုကွဲဖို့ထက် ပေါင်းစည်းဖို့ စတင်လုပ်ဆောင်နိုင်မှာပါ။ တိုင်းရင်းသားအားလုံး၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားအားလုံးကို ကြိုဆိုတဲ့ ညီညွတ်တဲ့ အသိုင်းအဝိုင်းတခုကို အတူတကွ တည်ဆောက်နိုင်မှာပါ။

ဆရာလေး ဆန္ဒာဓိက ပြောသွားတဲ့အထဲမှာ တကယ်ကောင်းတဲ့အချက်တခုက - စိတ်ထားမြင့်မြတ်ဖို့ တသက်လုံး ကျင့်ကြံလာခဲ့တဲ့သူတယောက်က အခုဆိုရင် စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်ကို ရင်ဆိုင်ဖို့ မေတ္တာလို ကုသိုလ်စိတ်လေးတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ "လက်နက်"အဖြစ်ရွေးချယ် အသုံးချဖို့ ကြုံလာပြီ။ ဆရာလေး မိန့်တဲ့အတိုင်းဆို ဒီနေ့ ဗမာပြည်သူလူထုမှာ အမြစ်တွယ်နေတဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနဲ့ သဘောလက္ခဏာအရ အကြမ်းမဖက် လှုပ်ရှားမှုက အမေရိကန်မှ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှု၊ အိန္ဒိယမှ ဂန္ဒီရဲ့ ဘာသာရေး လှုပ်ရှားမှုတွေနဲ့ ခိုင်မာတဲ့ဆက်နွယ်မှုက ဘယ်လောက်အတိုင်းအတာအထိ ဖြစ်သွားမလဲ တွေ့မြင်နိုင်မှာပါ။  

Shwe Lan Ga Lay