အပိုင်း(၄၃) : အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကို နားလည်သဘောပေါက်ခြင်း

မကြာသေးခင်ကာလက နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းသွင်းခံရတဲ့အချက် အပါအဝင်  အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)က အရေးပါကြောင်း ဗမာဆန္ဒပြပွဲသတင်းတွေကို နားစွင့်သူ မြန်မာပြည်ပြင်ပ နေထိုင်သူတွေ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ ကျယ်ပြန့်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေထဲမှာ CDM ရဲ့ကဏ္ဍကို သေချာနားမရှင်းသေးတဲ့ သူတွေလည်းရှိနိုင်ပါတယ်။ ဒါကို ရှင်းပြဖို့အတွက် လူထုကဏ္ဍ ပြုပြင်ပြောင်းလဲရေး စွမ်းရည်မြှင့်သင်တန်းတွေပို့ချခြင်းမှာ ဆယ်စုနှစ်နီးပါး အတွေ့အကြုံရှိတဲ့ ဧည့်သည်နဲ့ ကျွန်တော်တို့ ဆွေးနွေးသွားပါမယ်။ လုံခြုံရေးအရ သူမရဲ့နာမည်ကို  ဖော်မထားပါဘူး။

သူမက သင်တန်းနည်းပြတဦးအနေနဲ့ အလုပ်လုပ်ရတာ ဂုဏ်ယူပါတယ်။ ဗမာထုံးစံအတိုင်း စာလိုက်ရတဲ့ သင်ကြားနည်းကို မလိုက်နာဘဲ အဖွဲ့ငယ်လေးတွေ အချင်းချင်း မိမိတို့နောက်ခံဗဟုသုတ မျှဝေရတဲ့ သင်ကြားနည်းမျိုးကို လက်တွေ့ကျကျ ဦးဆောင်သင်ကြားပေးပါတယ်။ အစိုးရရဲ့ အရေးပါတဲ့ မူဝါဒ အပြောင်းအလဲတွေကြား ဒီနယ်ပယ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူတဦးအနေနဲ့  မကြာသေးမီက ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ်တွေအပေါ် အထူးအကောင်းမြင်ခဲ့တာကို သူမက “တိုင်းပြည်မှာ ဒီလိုအပြုသဘောဆောင်တဲ့ တိုးတက်မှုတွေက ကျမကို တကယ်ပိုပြီး စိတ်အားတက်ကြွစေတယ်။ အာဏာမသိမ်းခင်က နောက်တက်လာမယ့် အစိုးရအသစ်အတွက် အရမ်းကောင်းမယ်လို့ ခံစားခဲ့တယ်။”

ဟုတ်ပါတယ်။ ဒါတွေက ဖေဖော်ဝါရီ ၁ရက်မှာ စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာနဲ့ အားလုံးပြောင်းလဲသွားပြီ။ အစမှာ ရာနဲ့ချိီတဲ့ အစိုးရဝန်ထမ်းတွေက ရုံးမတက်ဖို့ ဆုံးဖြတ်ပြီး ရှောင်တခင် ခွင့်ယူကြရာမှ တဖြည်းဖြည်း ကြီးထွားကျယ်ပြန့်သွားခဲ့ပြီး ပိုပြီးစနစ်ကျတဲ့ “CDM”လို့ခေါ်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါနဲ့ သိပ်မကြာလိုက်ဘဲ ကျွန်တော်တို့ ဧည့်သည်က သူမရဲ့ သင်တန်းသားဟောင်းတွေထံမှ ဘာဆက်လုပ်သင့်လဲလို့ အားကိုးတကြီး အကြံဉာဏ်တောင်းကြတဲ့ ထင်မှတ်မထားတဲ့ နေရာက ပါဝင်ရပြီ။ CDM မှာ ပါဝင်သင့်လား။ အလုပ်ဆက်လုပ်သင့်လား။ အကယ်၍ သူတို့ ရုန်းထွက်ကြမယ်ဆိုရင် ဘယ်လို အထောက်အပံ့မျိုး မျှော်လင့်ရမလဲ။ သူတို့နဲ့ သူတို့မိသားစုတွေ ဘယ်လို အန္တရာယ်တွေ ကြုံရမလဲ။ 

နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အကျွမ်းတဝင်ရှိတဲ့ နိုင်ငံတကာ ဥပဒေပညာရှင်တွေဆီက အကူအညီရယူခဲ့ပြီး ရရှိလာတဲ့ သတင်းအချက်အလက်တွေကို လုပ်သားပြည်သူတွေ ဆုံးဖြတ်ချက်ချတဲ့အခါ လွယ်ကူစေဖို့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး မျှဝေပေးပို့ခဲ့ပါတယ်။ CDM မှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း ဘယ်သူ့ကိုမဆို ထောက်ပံ့ဖို့ တချိန်ထဲမှာပဲ မိတ်ဆွေတွေနဲ့ ကူညီထောက်ပံ့သူတွေဆီက  ရန်ပုံငွေ စတင်ကောက်ခံခဲ့ပါတယ်။ အလုပ်ကို စွန့်ခွါကြတဲ့ဝန်ထမ်းတွေ ဝန်ထမ်းအိမ်ယာကနေ မိမိတို့ရပ်ရွာကို ပြန်ကြဖို့ အနည်းဆုံး ငါးသောင်းကျပ်စီ (၃၅ဒေါ်လာ) ထောက်ပံ့ပေးခဲ့ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံ့ဝန်ထမ်းတွေက အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ စစ်တပ် အပြိုင်အဆိုင် လွန်ဆွဲမှုကြား ဗျာများနေခဲ့ပြီး ရုံးဆက်တက်နေသူများကို ဆန့်ကျင်ဘက် အကြောင်းပြချက်များနဲ့  အွန်လိုင်းမှတဆင့် အရှက်ရစေသည့် လှုံ့ဆော်မှုများ နှစ်ဘက်စလုံးက ပြုလုပ်နေပါတယ်။ စစ်တပ်က ရုံးတက်ဖို့ ဖိအားပေးတယ်။ ဆန္ဒပြသူတွေက ရုန်းထွက်ဖို့ အားပေးကြတယ်။ စစ်တပ် အင်အားစုမှ ဆန္ဒပြသူတွေကို စတင်သတ်ဖြတ်လိုက်ချိန်မှစပြီး အရွေ့အပြောင်း စတင်လာပါပြီ။ အစမှာ CDM ကို အားပေးထောက်ခံမှု မပြုသူတွေ စိတ်ပြောင်းလာကြပြီး ရုံးဆက်တက်ဖို့ ရုတ်တရက် ငြင်းဆန်လာကြပြီ။  

အစိုးရဝန်ထမ်းအားလုံးရဲ့ ၇၀-၈၀ ရာခိုင်နှုန်းက ရုံးမတက်ကြတော့ဘူးလို့ ဧည့်သည်က ခန့်မှန်းပြီး ပညာရေးလို တချို့ဌာနတွေမှာ ၁၀၀ရာခိုင်နှုန်း နီးပါး ပါဝင်ကြပါတယ်။ အောင်မြင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုက စစ်တပ် သိမ်းပိုက်ထားတဲ့ တိုင်းပြည်ကို ဆက်လက် အလုပ်မဖြစ်တော့အောင် စစ်အုပ်ချုပ်ရေး ယန္တရားကို ယိုယွင်းစေခဲ့ပြီ။ အဲ့ဒီအတွက် သူမရဲ့ပါဝင်မှုက အန္တရာယ်ရှိနေပါတယ်။ သူမနေအိမ် စီးနင်းခံရပြီးနောက် သူမလည်း ပုန်းရှောင်နေခဲ့ပါတယ်။     

ဒီအချိန်မှာ သူမရဲ့ စိတ်ဖိစီးမှုအတိုင်းအတာကို စိတ်ကူးကြည့်လိုရပါတယ်။ သူမရဲ့ အားကိုးရာကတော့ တရားအားထုတ်ခြင်းနဲ့ ရနံ့ကုထုံးပါပဲ။ နေ့စဉ် အားထုတ်ကျင့်ကြံတာဖြစ်ပြီး လယ်တီနဲ့ မိုးကုတ် ဆရာတော်ကြီးတို့ရဲ့ နည်းနာတွေကို လိုက်နာသူဖြစ်ပါတယ်။ ကပ်ရောဂါမစမီက တရားအားမထုတ်ဖြစ်ခဲ့ပေမဲ့လည်း အခုချိန််မှာတော့ စိတ်တည်ငြိမ်ဖို့ရာ အလိုအပ်ဆုံးသော အလေ့အကျင့်လိုဖြစ်လာပြီး အလုပ်မှာ ပိုပြီးထိထိရောက်ရောက် လုပ်နိုင်ကြောင်း တွေ့ရှိလာပါတယ်။

ကျွန်တော်တို့ဧည့်သည်ဦးဆောင်နေတဲ့ အလုပ်ကို အားပေးချင်တဲ့သူတွေအနေနဲ့ CDM အတွက် ရည်ရွယ်ထားတဲ့ ရန်ပုံငွေအဖြစ် ကျွန်တော်တို့ဆီကနေတဆင့် ကျေးဇူးပြုပြီး လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။

Shwe Lan Ga Lay1 Comment