အပိုင်း (၄၂) : အကျင့်သိက္ခာဖြင့် ရပ်တည်ခြင်း

အရှင် သရဏမှ ရဲရဲရင့်ရင့် ထုတ်ဖော် မိန့်ကြားလိုက်ပြီး နောင်ဖြစ်လာမယ့်အကျိုးဆက်အတွက် သူက အဆင်သင့် ပြင်ထားပါတယ်။ “အောက်ထစ်ဆုံးအနေနဲ့ ဦးဇင်း အားလုံး အဆင်သင့် ပြင်ထားပြီ။” လို့ ချက်ခ်ရဟန်းတော်က မိန့်ပါတယ်။ “သူတို့လာပြီး ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးလိမ့်မယ်ဆိုရင် ဦးဇင်းက အဆင်သင့်ပဲ။ သူတို့ ဦးဇင်းကို ဖမ်းမယ်ဆိုလည်း အဆင်သင့်ပဲ။ သူတို့ ဦးဇင်းကို နှင်ထုတ်မယ်ဆိုလည်း အဆင်သင့်ပဲ။ ဦးဇင်းရဲ့ အလှူရှင်တွေလည်း အဆင်သင့် ဖြစ်နေပါပြီ။” 

ဒီလူ့ကျင့်ဝတ်ဆိုင်ရာ ရပ်တည်မှုအတွက် ဆုံးဖြတ်ချက်က ဒီလိုအချိန်မှာ လွယ်လွယ်လေး ဖြစ်လာတာမဟုတ်ပါဘူး။ မန္တလေးမှာ စစ်သားတွေ ပြည်သူတွေရဲ့ နေအိမ်တွေကို ကြုံသလို ရမ်းသမ်း ပစ်ခတ်မှုတွေက “ရွံရှာစက်ဆုပ်ဖွယ်”ကောင်းတာကို တွေ့ရပြီးတဲ့နောက် သူ့ရဲ့သည်းခံမှု အတိုင်းအတာ ကျော်လွန်သွားခဲ့ပါပြီ။ ဒီအဖြစ်ကြောင့် တိုင်းပြည်ရဲ့ ဘယ်နေရာမှာမဆို လုံခြုံမှုအစစ်ဆိုတာ မရှိတော့ဘူးလို့ သဘောပေါက်သွားခဲ့ပြီ။ “ဦးဇင်းရဲ့ ဖြစ်တည်မှုအရ ဒါကိုကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပါဝင်ဖို့ဖြစ်လာပြီ။ ဒီလိုဆိုတော့ ဒီကိစ္စ တော်တော်လေးကို ဆိုးရွားတယ်၊ ငါ တခုခု လုပ်မှ ဖြစ်မယ်လို့ ဦးဇင်းတွေးခဲ့တယ်။”  

ဒါက တရားဘာဝနာကို ကိုယ်တိုင်လည်း ကျိုးကျိုးကုတ်ကုတ် အားထုတ်ပြီး သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း နောက်လိုက် တပည့်တွေကိုလည်း တရားဓမ္မသင်ကြားပေးနေတဲ့ ရဟန်းတပါးအတွက် ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်ချတာတော့ မဟုတ်တာ သေချာပါတယ်။ တကယ်တော့ လောကီကိစ္စတွေနဲ့ တော်တော်လေး အလှမ်းဝေးကာ အမီမလိုက်ခဲ့ပုံကို လွန်ခဲ့တဲ့နှစ်တွေက Donald Trump ရဲ့ဓာတ်ပုံကို မြင်ရင်တောင် သူကအမေရိကန်သမ္မတ ဖြစ်နေတဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုပင် မသိကြောင်း ပြောပြပြီး၊ အာဏာသိမ်းမှုကို ဖြစ်ပွားပြီး တပတ်ကြာတဲ့အထိ ဖြစ်စဉ်ကို မသိခဲ့ကြောင်းလည်း ဆိုပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီးက သူ့ကို မျက်ခြေမပျက်စေတော့ဘူး။ စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်တဲ့ ကျည်ဆံထိမှန်ပြီး အသတ်ခံရနိုင်တယ်လို့ ဦးသရဏ သတိပေးတဲ့ကြားက သူစောင့်ရှောက်ထားတဲ့ ဘုန်းကြီးကျောင်းမှ ဗမာအမျိုးသားလေးတွေက အကြမ်းမဖက် ဆန္ဒပြပွဲတွေမှာ ဝင်ရောက်ပါဝင်ဖို့ ကျောင်းအပြင်ကို ထွက်ချင်ကြတယ်။ နှစ်ပေါင်းများစွာ ဒီဘုန်းကြီးကျောင်းသားလေးတွေကို  အုပ်ထိန်း စောင့်ရှောက်လာသူတဦးအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် ကာကွယ်ဖို့ သူ့မှာ စွမ်းအားမရှိ မတတ်နိုင်တော့ဘူးလို့ ဦးသရဏ ရုတ်တရက် ခံစားခဲ့ရပြီး အနီးဆုံးသူတွေကို ကာကွယ်ဖို့ နေ့စဉ်သတင်းတွေကို ကောင်းကောင်းသိရမှ တခုခုကို ဆုံးဖြတ်ချက်ချနိုင်မှာမို့ ပိုပြီးကောင်းကောင်း နားလည်ဖို့ လိုနေပြီလို့ ဦးသရဏ သဘောပေါက်ခဲ့ပါတယ်။   

လက်ရှိ အဖြစ်အပျက်တွေကနေ နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့သူတဦးအနေနဲ့ ဦးသရဏ အခုဆို တနေ့ကို ၇နာရီ-၈နာရီလောက် သတင်းတွေ ဖတ်နေခဲ့ပြီ။ အခုရင်ဆိုင်နေရတဲ့ မှောင်မိုက်လှတဲ့ ဖြစ်ရပ်မှန်ကြီးက သူ့ကို “အသက်ရှုကျပ်”နေစေခဲ့ပါတယ်။ တရားအားထုတ်ချိန် အနည်းအကျဉ်းလောက်သာ ကျန်ရှိပြီး အိပ်မက်ဆိုးတွေကလည်း ဖိစီးဒုက္ခပေးလာပြီး မျက်စိရှေ့မှာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ နေ့စဉ်နဲ့အမျှ ထိတ်လန့်မှုတွေမှ ကာကွယ်ဖို့ ကူကယ်ရာမဲ့ ခံစားခဲ့ရပါတယ်။ တပည့်တွေနဲ့ အဆက်အသွယ်ရှိဆဲဖြစ်ပြီး တကယ့်ကို အရေးတကြီးလိုအပ်နေတာက လမ်းပေါ်က နေ့စဉ် အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှုတွေကြား မေတ္တာကမ္မဋ္ဌာန်းကို ဘယ်လို အားထုတ်လို့ရနိုင်မလဲ ဆိုတာပါပဲ။

ဦးသရဏအနေနဲ့  ခိုင်မြဲတဲ့အကျင့်သီလနဲ့ ရပ်တည်ဖို့ ဆုံးဖြတ်ချက်ချထားပေမဲ့ ဒီလိုလုပ်တာ သူ့အတွက် အန္တရာယ်များကြောင်းကို အကောင်းဆုံး သိထားပြီး သံဃာတိုင်းက သူ့ရဲ့ဦးဆောင်မှုနောက် လိုက်ပါလာလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ တရားကျိုးကုတ်အားထုတ်နေတဲ့ ဒါမှမဟုတ် စာပေလေ့လာနေတဲ့ ရဟန်းတွေထက် အခြားသူတပါးတွေကို လမ်းညွှန်ပြသ ဆိုဆုံးမနေတဲ့ ရဟန်းတွေရဲ့ အကျင့်သီလဆိုင်ရာ တာဝန်တရပ်ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ဆိုပါတယ်။ သူက ဒီလိုမိန့်ပါတယ် - 

“ရဟန်းတွေက လူတွေ လိုချင်တာကို ပံ့ပိုးပေးဖို့လိုမယ်။ ဒါက ဦးဇင်းအကြိုက်ဆုံး စကားလုံး - ဖြေသိမ့်မှု။ ဖြေသိမ့်ပေးတယ်ဆိုတာက ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေမှ သက်သာရာရကြောင်း နှစ်သိမ့်ပေးရမယ့် အလုပ်ပဲ။ ဦးဇင်းထင်တယ် ဒါက ရဟန်းတွေဆီက လူတွေ မျှော်လင့်တာလေး။ ပြည်သူတွေက ဆက်ပြီး ဆန္ဒတွေ ပြနေလိမ့်မယ်၊ သူတို့ဆန္ဒတွေကို ဆက်ပြီး ဖော်ထုတ်နေလိမ့်မယ်၊ အစိုးရနေရာဌာနတွေကို သိမ်းထားတဲ့ ပုန်ကန်သူတွေကို ဆက်ပြီးတော့ အာဏာဖီဆန်နေလိမ့်မယ်။ ဒါပေမဲ့ ရဟန်းတွေက လူတွေကို ငြိမ်းချမ်းအောင် ပံ့ပိုးပေးရမယ်။ ပြီးတော့ သူတို့ အားအင်တွေလိုတယ်၊ ပံ့ပိုးမှုလိုအပ်တယ်၊ ချမ်းသာမှုလိုတယ်၊ ဒါမှ ရည်ရွယ်ချက်တူတယ်လို့ သိမယ်။ အကြောက်တရားတွေက ရေရှည်ဖြစ်သွားနိုင်သလို ရေတိုလည်း ဖြစ်နိုင်တယ်၊ ပြီးတော့ ရေရှည်ထက် ရေတိုအကြောက်တရားကို အနိုင်ယူကျော်လွှားဖို့ သူတို့ ဆုံးဖြတ်ထားပြီးပြီ။ ရဟန်းတွေရဲ့ နံပါတ်တစ် တာဝန်က လူတွေရဲ့ ငြိမ်းအေးချမ်းသာမှုကို ဖော်ဆောင်ပေးရမယ်လို့ ဦးဇင်းထင်တယ်။ ရဟန်းတွေကိုယ်တိုင်ရဲ့ ဒီငြိမ်းအေးချမ်းသာတဲ့ စိတ်က စံနမူနာ ဖြစ်နေစေရမယ်။ ကမ္ဘာလောကကြီးမှာ ငြိမ်းအေးတဲ့စိတ် ရှိနေသေးတယ်ဆိုတာ လူတွေကို ပြဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါကပဲ သူတို့ယုံကြည်တဲ့ အကောင်းဆုံးအရာအတွက် ဆက်ပြီး ကြိုးပမ်းအားထုတ်ဖို့ အင်အားနဲ့ ချမ်းသာမှုကို ပေးစွမ်းလိမ့်မယ်။”   

အာဏာက ဘယ်သူ့လက်ထဲမှာ ဖြစ်နေပါစေ ဗုဒ္ဓဘာသာက ဆက်ပြီးတိုးတက် ရှင်သန်နေဦးမယ်ဆိုတဲ့ အမြင်ကို တရားအားထုတ်နေတဲ့ တချို့သော နိုင်ငံခြားသားတွေထံမှ လေ့လာမိတဲ့အခါမှာ ဦးသရဏ ထိတ်လန့်သွားခဲ့တယ်။ နိုင်ငံတကာမှ တရားအားထုတ်တဲ့ အသိုင်းအဝိုင်းထဲက တချို့သောအစုအဖွဲ့တွေမှ ဒီလိုအမြင်မျိုးက တကယ်တမ်း အဆန်းမဟုတ်ကြောင်း၊ ကြားရတဲ့အတွက် ရွံရှာစက်ဆုပ်မိကြောင်း မဆိုင်းမတွ ဆိုပါတယ်။ “ဒါက ဒကာ ကြက်ချေးတွေကို လှည်းနဲ့အပြည့် သယ်လာပြီး ဦးဇင်းခေါင်းပေါ်ကို သွန်ချလိုက်တာနဲ့ တူနေတယ်။” အဲ့ဒီခံယူချက် ဖြစ်ပေါ်လာတာနဲ့ ပတ်သက်လို့ ဆရာတော် ဦးသရဏက ဆက်ပြီးတော့ “ဒါက သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိတာပဲ။ ဘာကြောင့်လဲဆိုတော့ အခြေအနေတွေကို ဦးဇင်းတို့ နားလည်ဖို့ လိုတယ်။ စစ်တပ်က ဗုဒ္ဓဘာသာကို ခြိမ်းခြောက်မှု မပြုဘူးဆိုတဲ့ အယူအဆ၊ ဒါမှမဟုတ် အခြေခံအရ စစ်တပ်ရှိသည်ဖြစ်စေ၊ ဒီမိုကရေစီ ရှိသည်ဖြစ်စေ၊ မြန်မာပြည်ထဲက သမိုင်းကြောင်းနဲ့ ပတ်သက်လို့ ဗဟုသုတမရှိကြောင်း အလွန်ကို ရှင်းရှင်းကြီး ပြနေတာ”လို့ ဆိုပါတယ်။   

ဒါကြောင့်လည်း ဒီအခိုက်အတန့်မှာ ဆရာတော်က ကိုယ့်အသိတရားနဲ့ကိုယ် သတင်းတွေသိနေစေဖို့ လုံ့လပြုပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ နောက်လိုက်တပည့်တွေကို ဆက်ပြီး မကူညီနိုင်တော့ဘဲ တကယ့်အခြေအနေတွေနဲ့  အလွန်တရာ ဆက်စပ်မှုမရှိတဲ့ တရားဓမ္မ အဆုံးအမတွေကိုလည်း ဒီအချိန်မှာ မမျှဝေတော့ပါ။