အပိုင်း (၅၅) : အနိုင်မခံ အရှုံးမပေး

မြေကြီးပေါ်လဲကျသွားပြီးနောက် အဘက်ဘက်က ထိုးနှက်ကန်ကြောက်ချက်တွေ ခေါင်းကိုမထိအောင် ကာထားဖို့ကလွဲလို့ Jonathan တယောက် ဘာမှ တတ်နိုင်တော့ပါဘူး။ 

ဒီလိုမျိုး ခိုက်ရန်ဖြစ်တာကို မကြုံစဖူး ကြုံခဲ့ပါပြီ။ နေ့ခင်းကြောင်တောင် လမ်းပေါ်မှာ ပြည်သူတွေကို သေလောက်အောင်ရိုက်နှက်တတ်တဲ့ လူသတ်စစ်သားတွေကို ခုခံဖို့ အလိုလျောက်တုံ့ပြန် ကန်ကြောက်နေခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခြင်းက Jonathan ကို “ရာဇဝတ်မှု” မြောက်စေခဲ့ပါပြီ။ 

အရိုက်ခံရတဲ့ ဒဏ်ရာတွေကနေ ကျော်လွှားနိုင်ပေမဲ့ ခရီးက ပို၍သာမှောင်မိုက်လာခဲ့ပြီး ရဲကားထဲမှ အကျဉ်းထောင်ဆီသို့။ ထောင်နံရံတွေကြား ဆယ်စုနှစ်များစွာ နှိပ်စက်ညှင်းပန်းမှုတွေနဲ့  ကျော်ကြားတဲ့—အင်းစိန်ထောင်ကို လွှဲလိုက်ပါပြီ။ ထောင်ဂိတ်ဝတွေဆီ ဖြတ်သန်းနေတဲ့ ခြေလှမ်းတွေက သူ့အတွက် အိပ်မက်လိုပါပဲ။ ထောင်နံရံတွေကြား ဘယ်ချိန်ထိ အတင်းအကျပ် နေခိုင်းမလဲ၊ ဘာနဲ့စွဲချက်တင်မှာလဲဆိုတာ မသိရတာက သူ့အတွက် စိတ်ပျက်စရာ ဖြစ်နေပြီ။  

လွတ်လပ်မှု တိုးပွါးလာတဲ့ လူ့အဖွဲ့အစည်းကြား ကြီးပြင်းလာခဲ့ပေမဲ့ အံ့ဩစရာတခုက အကျဉ်းကျနိုင်မယ့် အခြေအနေတွေအတွက် မိဘတွေက အမြဲတမ်း ပြင်ဆင်ပေးထားခဲ့တယ်။ သဘောထားမမှန်တဲ့ စစ်တပ်အကြောင်း သူတို့ ကောင်းကောင်းသိတယ်။ မိဘတွေက ဒီလိုအနေအထားမှာ ပြင်ဆင်ဖို့ အကျဉ်းသားဟောင်းတဦးဆီမှ အဖိုးတန်အကြံကောင်းတွေ သူ့ကို သင်ပေးထားပါတယ်။ ဒီလို အကျဉ်းပြောင်းရွှေ့ခံပြီဆိုရင် - ဆန့်ကျင်ဆန္ဒမပြနဲ့၊ ၉ နာရီကျော်ရင် စကားမပြောနဲ့၊ ကိုယ့်အကြောင်း သူများကို သိပ်မပြောနဲ့။ 

ပြူတင်းပေါက်မပါတဲ့ လူ ၁၀၀ ဆံ့အချုပ်ခန်းထဲမှာ Jonathan ကို ထိန်းသိမ်းလိုက်ပြီး ဖုန်းတွေလည်း သိမ်းခံလိုက်ရပြီ။ ဒါပေမဲ့ လက်ပတ်နာရီ သိမ်းမသွားတော့ သူနဲ့အတူ ဘေးကအဖော်တွေအတွက် အချုပ်ကျခံရတာ ဘယ်နေ့ ဘယ်ချိန်ရှိပြီလဲ သိရဖို့ အရမ်းကိုအဆင်ပြေခဲ့ပါတယ်။

ဒီအဖြစ်က Jonathan အတွက်ဆိုးရွားပေမဲ့ ပိုကံကောင်းတဲ့သူတွေထဲ သူလည်းပါပါတယ်။ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ စစ်သားတွေ မကျူးလွန်သေးခင် မတ်လ အစောပိုင်းမှာ အဖမ်းခံရပြီး အချုပ်ကျခဲ့တာ ဖြစ်ပါတယ်။ ရွေးချယ်ခံ အမတ်တဦး အပါအဝင် စစ်ကြောရေးကနေ ဒဏ်ရာ သွေးအလိမ်းလိမ်းနဲ့ ပြန်ထွက်လာတဲ့ အဖော်အကျဉ်းသားတွေကို တွေ့ခဲ့ရပေမဲ့ သူ့အတွက် အပြစ်ဒဏ်က အဲ့လိုမဟုတ်ခဲ့ဘူး။ ၃ နှစ်ကျခံရမယ့် အပြစ်ဒဏ်က နောက်ဆုံးတော့ ကံကောင်းလို့ ၁ လတောင် မကြာခဲ့ပါဘူး။ 

ဘာကြောင့်စောစော လွှတ်ပေးလိုက်လဲဆိုတာ ဒီကနေ့ထိ မသိပေမဲ့ စစ်တပ်က အကြမ်းမဖက် ဆန္ဒပြသူတွေကို ပြန်လွှတ်ဖို့ ပြင်ပအဖွဲ့အစည်းတွေရဲ့ စတင်ဖိအားပေးမှုတွေရှိတယ်လို့ သူ့ယူဆချက်တွေအရ ပြောပါတယ်။

ထောင်ထဲမှာ နေရတဲ့အခါ လက်ရှိအခြေအနေတွေကို ပြန်သုံးသပ်ဖို့ Jonathan အချိန်ရခဲ့တယ်။ စည်းလုံးညီညွတ်ခြင်းစွမ်းအားက အခရာကြပါတယ်။ တပ်မတော်က တိုင်းရင်းသား မျိုးနွယ်စုတွေအကြား မယုံကြည်မှုကို ဖန်တီးသွေးခွဲပြီး အမြဲအုပ်ချုပ်ခဲ့တာလို့ ပြောပါတယ်။ ထောင်ထဲမှာ မတူညီတဲ့ နောက်ခံကနေလာသူတွေနဲ့ နက်ရှိုင်းတဲ့ မိတ်ဆွေအဆင့်ထိ တည်ဆောက်ခဲ့ပါတယ်။ ဗမာတွေကသာ ဒီမတူကွဲပြားတဲ့ လူမျိုးစုတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ကြီးကြီးမားမား တည်ဆောက်နိုင်ပြီဆိုရင် စစ်တပ်ရဲ့ “ခွဲခြားနှိပ်ကွပ်”တဲ့ ဗျူဟာဟောင်းကို အနိုင်ယူနိုင်မယ်လို့ အတွေ့အကြုံအရ ပြောပါတယ်။

စစ်တပ်က ဗုဒ္ဓဘာသာကျင့်စဉ်တွေကို တလွဲတချော်လုပ်ပြီး အဆင့်နိမ့်ကျအောင် နှစ်ပေါင်းများစွာ လုပ်ခဲ့တာကို စက်ဆုပ်မိတဲ့အတွက် သူ့ရဲ့ဗုဒ္ဓဘာသာအခြေခံကို စပြီးသုံးသပ်ခဲ့ပါတယ်။ စစ်တပ်က တိုင်းပြည်ကို တိုက်ရိုက် အုပ်ချုပ်ရုံသာ မကသေးဘဲ နောက်ကွယ်ကနေပါ ချောင်းမြောင်းကြံစည်နေတာပါ။ ဒီနေ့မှာ ကျင့်စဉ်နဲ့ပတ်သက်လို့ ပြောပြတဲ့အခါ ရဟန်းအဖြစ်ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို ပြန်ပြောင်းရင်း ဒီလို မသေချာမရေရာတဲ့ အချိန်တွေမှာ အခြေခံ သတိပဌာန်ကျင့်စဉ်တွေက သူ့အတွက် စိတ်တည်ငြိမ်လန်းဆန်းမှုကို ပေးစွမ်းကြောင်းပြောပါတယ်။ 

ဒီလို ရက်သတ္တပတ်အနည်းငယ်သာ အကျဉ်းကျခံခဲ့ရပေမဲ့ Jonathan မှာ ထောင်နံရံပြင်ပ လွတ်လပ်တဲ့ဘဝမှာ နေသားကျဖို့ ရင်ဆိုင်ရပါသေးတယ်။ အထဲမှာ ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေကို သတိရမိပြီး သာမန်လူမှုဘဝမှာ ဘယ်လိုဝင်ဆံ့မလဲဆိုတာ မသေချာနေခဲ့သေးပါဘူး။  အနည်းဆုံးတော့ သူ့ရည်ရွယ်ချက်တချို့ကို ဆက်ပြီးထိန်းထားနိုင်ခဲ့တယ်။ ဩစတေးလျမှာ လေ့လာခဲ့တဲ့ မှတ်တမ်းတင် ပညာရှင်တယောက်အနေနဲ့ မှတ်တမ်းတင်ထားတဲ့ ဆန္ဒပြပွဲမှတ်တမ်းတွေက သူအဖမ်းခံရချိန်မှာ မပြီးပြတ်သေးတဲ့အတွက် ပြန်လုပ်ဖို့၊ ခွန်အားရှိသမျှ တော်လှန်ရေးမှာ ပါဝင်ဖို့ဖြစ်ပါတယ်။

ဒီနေ့ ဗမာဗုဒ္ဓဘာသာ အများစုအတွက် အလွန်အရေးအကြီးဆုံးနဲ့ တုန်လှုပ်စရာ မေးခွန်းကတော့ အကြမ်းမဖက်တဲ့ ကျင့်ဝတ်တွေနဲ့သာ ဆက်သွားခဲ့ရင် အောင်မြင်နိုင်ပါ့မလားဆိုတာပါပဲ။ Jonathan ကတော့ ဘယ်လမ်းရွေးမလဲ မသေချာပေမဲ့ သူက အခြေအနေကို အပေါ်ယံလောက် လက်ခံတာ မဟုတ်ပါဘူး။ “ကျွန်တော်တို့ အကြမ်းမဖက်ရေးလမ်းစဉ်ကို ရွေးချင်တယ်ဆိုရင် သေဖို့ ပြင်ထားရမယ်ဆိုတာ ကြိုတွေးထားရမယ်။ ကျွန်တော်တို့ မသတ်ချင်ဘူးဆိုရင် အသတ်ခံရဖို့ ပြင်ဆင်ထားရမယ်။ လူတွေအများကြီး ဒီလိုဖြစ်နေဖို့လိုတယ်။ ဒီလို ပြဖို့လိုတယ်။ ပြီးတော့ ဒီအတွက်ပဲ လူတွေအများကြီး သေကျေလိမ့်မယ်။”

Shwe Lan Ga LayComment