အပိုင်း (၁၆) : ဓမ္မနှင့် လူမျိုး ဆုံမှတ်များ : “ဓမ္မ ခရောင်းလမ်း”


ဒီအပိုင်းကတော့ အရင်က Insight Myanmar Podcast မှထုတ်လွှင့်ခဲ့ပြီးသား အပိုင်းတွေနဲ့ တော်တော် ကွဲပါတယ်။

ပုံမှန် ထုတ်လွှင့်နေကျ မေးမြန်းခန်းတွေနဲ့ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်ပျံ့ပွားနေမှု အထူးအခန်းဆက်တွေကိုလည်း ကြားဖြတ်ထုတ်လွှင့်ခဲ့တာ သောတရှင်များလည်း မှတ်မိမှာပါ။ အဲ့ဒီအပိုင်းတွေမှာ သံဃာတော်များ၊ ယောဂီများက ကူးစက်ကပ်ရောဂါကို တုံ့ပြန်မှုတွေနဲ့ ကမ္ဘာကြီးအဖက်ဖက်က ရပ်ဆိုင်းသွားချိန် ယောဂီများ ရင်ဆိုင်ရတာတွေကို ဝေဝေဆာဆာ ဆွေးနွေးထားတာပါ။  

ကျွန်တော်တို့လည်း အချိန်နဲ့တပြေးညီ ဖြစ်ပျက်နေသမျှကို တင်ဆက်နိုင်ဖို့ ကြိုးစားရတာက တကယ့်အမာခံ လုပ်အားပေးသူတွေအတွက်တော့ မလွယ်ပါဘူး။ နောက်ထပ် သမိုင်းတွင် ဖြစ်ရပ်တခုအနေနဲ့ George Floyd ဆိုသူကို ရဲကသတ်မိလို့ အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာတဝှမ်းမှာ  လူမည်းတို့ဘဝ အရေးပါသည် (Black Live Matter) ဆိုတဲ့ ဆန္ဒပြမှုကလည်း ပဲ့တင်ထပ်နေပါတယ်။  စိတ်ဝင်စားဖွယ်ကောင်းနေပြီမို့ ကျွန်တော်တို့ အသံလွှင့်အခန်းဆက်များအဖြစ် အခုလိုချိန်မှာ တင်ဆက်ပေးလိုက်ပါမယ်။

ဒါကြောင့် အခု Insight Myanmar Podcast အခန်းဆက်အသစ်ရဲ့ ပထမပိုင်းအနေနဲ့ ဓမ္မနှင့် လူမျိုး ဆုံမှတ်များ အသံလွှင့်အခန်းဆက်တွေမှာ ကျွန်တော်တို့ ပုံမှန်တင်ဆက်နေကျ ဓမ္မကျင့်စဉ်များ၊ လူမျိုးရေးနဲ့ လူမှုရေးဆိုင်ရာ တရားမျှတမှုများကို ဆန်းစစ်နိုင်ဖို့ အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်သွားပါမယ်။ ယဉ်ကျေးမှုဆိုင်ရာ လုပ်သားဆုရရှိထားသူ၊ ဦးဂိုအင်ကာ၏ နည်းဖြင့် ရေရှည် ဝိပဿနာ တရားအားထုတ်သူ အမေရိကန် လူမည်း Aishah Shahidah Simmons က အခု အခန်းဆက်များရဲ့ တွဲဖက်ထုတ်လုပ်သူ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးထားပါတယ်။ ဒီအပိုင်းလေးကို “ဓမ္မခရောင်းလမ်း”လို့ နာမည်ပေးထားပါတယ်။ 

မကြာသေးခင်က အဖြစ်အပျက်တွေရဲ့တွန်းအားနဲ့ Black Lives Matter လှုပ်ရှားမှုကို အာရုံစိုက်လာမှုတွေကြောင့် လူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဖွဲ့အစည်းများက ပြည်သူများနဲ့အတူ အကြွင်းမဲ့ ခွဲခြားဆက်ဆံမှုများ၊ လူမှုရေးမမျှတမှုတွေကို မရည်ရွယ်ဘဲ ဆက်လက်လုပ်ဆောင်နေသလားဆိုတာ အသေအချာ ပြန်လည်သုံးသပ်ဖို့ စတင်နေကြပါပြီ။ ကျွန်တော့်အနေနဲ့ ဒီအသံလွှင့်အခန်းဆက် အစီအစဉ်က ဝိပဿနာနဲ့ သတိပဌာန်လေ့လာသူ အဖွဲ့များကြား အမြစ်တွယ်နေတဲ့ ဘက်လိုက်မှု၊ ကျင့်စဉ်များနဲ့ သဘောထားများကို ဆန်းစစ်လို့ရတဲ့ လမ်းကြောင်းလေးတခုဖြစ်ဖို့ မျှော်လင့်ပါတယ်။

အမှန်တရားကိုထောက်ပြနေတဲ့ လူမည်းတွေဦးဆောင်တဲ့ ရဲရင့်သောလူမျိုးပေါင်းစုံထံမှ ဟစ်ကြွေးသံကို အမေရိကန်ပြည်ထောင်စုက မျက်မြင်ကိုယ်တွေ့ သိထားပြီးသား ဖြစ်ပါတယ်။ လူသိများတဲ့ အားကစားလုပ်ငန်းများမှအစ စီးပွားရေးလုပ်ငန်းကြီးများအဆုံး လူမျိုးရေးခွဲခြားမှုဆန့်ကျင့်ရေးနှင့် တရားမျှတမှုအတွက် ရပ်တည်ပြီးသားလည်း ဖြစ်တယ်။ ဒီအဖြစ်တွေ အချိန်နဲ့အမျှ ရင်ဆိုင်နေရပြီး လူတယောက်ရဲ့ခိုင်မာနေတဲ့ အလုပ်မှာ အခက်အခဲဖြစ်စေနိုင်တာတောင် အဖွဲ့အစည်းအလိုက်ရော တဦးချင်းစီပါ စုပေါင်းပြီး နောက်ဆုံးရင်ဆိုင်ရမယ့် နာလိုခံခက်မှုနဲ့ ကြာရှည်လျစ်လျူရှုခံထားရတဲ့ အမှန်တရားတွေကို မီးမောင်းထိုးပြနေပါတယ်။ လက်ရှိအခြေအနေရဲ့ စိန်ခေါ်မှုတွေကြားရတာ အဆင်ပြေတယ်လို့ မရှိပါဘူး။ ဒါပေမဲ့ အများအားဖြင့် ဒါတွေက ကောင်းမွန်တဲ့ စိတ်ဓာတ်ရေးရာ အပြောင်းအလဲကို ယူဆောင်လာတတ်ပါတယ်၊ နောက်တဆင့်အနေနဲ့ဆိုရင် နှစ်ပေါင်းများစွာက မျက်ကွယ်ပြု ရှောင်ရှားနေခဲ့တဲ့ ရိုးသားပွင့်လင်းလှတဲ့ စကားများကို အစပြန်ကောက်တဲ့ သဘောဖြစ်ပါတယ်။ ဒီအတိုင်းပဲ တချို့အင်တာဗျူးတွေမှာတောင်မှ အဆင်ပြေချောမွေ့မှုတွေ မရှိရင်တောင်မှ ဝိပဿနာနဲ့ သတိပဌာန် အဖွဲ့အစည်းတွေကြားက အမြစ်တွယ်ပြီးသား ကျင့်စဉ်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ သဘောထားတွေ အကြောင်း အလားတူဆွေးနွေးမှုတွေ ဒီအခန်းဆက်ကိုမူတည်ပြီး ဖြစ်လာဖို့ ကျနော် မျှော်လင့်ရပါတယ်။ 

ဧည့်သည်တွေဆီက နားဆင်ရမှာကတော့ ထိရှလွယ်အကြောင်းအရာတွေဖြစ်တဲ့ တသက်လုံးရင်ဆိုင်လာခဲ့ရတဲ့ အခက်အခဲတွေနဲ့ အဲ့ဒါတွေကို ကရုဏာတရားနဲ့ တုံ့ပြန်ဖို့ သင်ယူထားမှုကို ပွင့်ပွင့်လင်းလင်း မျှဝေလိုကြပါတယ်။ နောက်ဆုံး ခင်ဗျားက လူမည်းတယောက်ဖြစ်တာနဲ့ပဲ လူ့အဖွဲ့အစည်းရဲ့ စနစ်တကျဖိနှိပ်မှုနဲ့ မတရားမှုတွေက ခင်ဗျားအပေါ်ကျရောက်လာတဲ့အခါ ခင်ဗျား ဘယ်လို နားလည်နိုင်မလဲ။ အခု ဆွေးနွေးကြမယ့်သူတွေက ငယ်ဘဝမှာ လူမျိုးရေးခွဲခြားမှုကို ရင်ဆိုင်ခံစားခဲ့ရသူတွေပါ။ ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တခုက သူမတို့မိသားစုကို အပန်းဖြေကစားကွင်းထဲဝင်ခွင့်ကို ပေါ်ပေါ်ထင်ထင် တားမြစ်ခံရတာပါ။ နောက်တယောက်က သူအရည်အချင်းမီတဲ့ အဆင့်မြင့် သင်္ချာတန်းက သူနဲ့မသက်ဆိုင်ဘူးဆိုတဲ့ ယူဆချက်ဖြစ်ပါတယ်။ ဒီလို ခွဲခြားခံရတဲ့ အတွေ့အကြုံတွေက သူတို့ဘဝတလျှောက် တိုက်ရိုက်ရော သွယ်ဝိုက်တဲ့နည်းတွေနဲ့ပါ မနားတမ်း ဆက်တိုက်တွေ့ကြုံခဲ့ပြီးပါပြီ။ သူတို့ ပါဝင်ခဲ့ကြတဲ့ ဓမ္မအသိုင်းအဝိုင်းထဲက လူဖြူယောဂီများ၊ တရားပြဆရာများနဲ့တောင်မှ တွေ့ကြုံခဲ့ရပါတယ်။  

ဒီအပိုင်းနဲ့ နောက်လွှင့်မယ့် အခန်းဆက်အပိုင်းလေးတွေက စိတ်ဝင်စားဖွယ်ရာနဲ့ စဉ်းစားဆင်ခြင်ဖွယ် ကောင်းလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။


Victoria Robertson (ဆရာကြီးဦးဂိုအင်ကာ ဝိပဿနာလမ်းစဉ် သင်ကြားပို့ချပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်သူ လူမည်းအမျိုးသမီး လက်ထောက်ဆရာမကြီး)

Victoria Robertson ရဲ့ ဦးဂိုအင်ကာဝိပဿနာတရားစခန်း ပထမအကြိမ်က အလွန်ခက်ခဲခဲ့တာကြောင့် ပထမဆုံးနဲ့ နောက်ဆုံးလို့တောင် ထင်ခဲ့မိပါတယ်။ အရာအားလုံးထဲကမှ နေ့လယ်စာတွေက သူမရဲ့ အမြင်ကိုပြောင်းလဲစေခဲ့တာပါ။ အစားအသောက် အရသာကြောင့်မဟုတ်ပါဘူး။ အဲ့ဒါတွေထက် စေတနာ့ဝန်ထမ်းတွေရဲ့ တပတ်၊ ၁၀ရက်တာ တရားအားထုတ်နေကြတဲ့ သူမတို့လို ယောဂီတွေ စားရေးသောက်ရေး အဆင်ပြေစေဖို့ မြုပ်နှံထားလို့ပဲ ဖြစ်ပါတယ်။ ဝန်ဆောင်မှုရဲ့ အရေးပါပုံကို တန်ဖိုးထားတဲ့ မိဘများရဲ့ မြေတောင်မြှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့အကျိုးကြောင့် နောက်တကြိမ် တရားစခန်းမှာတော့ တရားထောက် တာဝန်ထမ်းဖို့ သူမစာရင်းသွင်းလိုက်ပါတယ်။ 

အဲ့ဒီကစလို့ Victoria က သူမကိုယ်သူမ ဓမ္မလောကထဲမှာ မြုပ်နှံလိုက်ပြီး ဦးဂိုအင်ကာဝိပဿနာစခန်းများတွင် ပထမဆုံး အမေရိကန်လူမည်း လက်ထောက်ဆရာမကြီး ဖြစ်လာခဲ့ပါပြီ။ ယူအက်စ်စင်တာများရှိ လူဖြူများပြားတဲ့ အဖွဲ့အစည်းထဲမှာ  လူမည်းယောဂီနဲ့တရားပြဆရာမတဦးအနေနဲ့ သူမတွေ့ကြုံရတာတွေကို ဒီစကားဝိုင်းမှာ ပွင့်ပွင့်လင်းလင်း မျှဝေထားပါတယ်။ 

Victoria က ၁၀ရက်စခန်းမှာ (နောက်ထပ်ရက် ၆၀ စခန်းဝင်ခဲ့တာတောင်) လူမျိုးရေးခွဲခြားတဲ့ စိန်ခေါ်မှုကို “ဖြေရှင်း”နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့က စိတ်ဝင်စားမှုရှိတာကြောင့် မျှော်လင့်ချက်ရှိသေးတယ်လို့ သိနေခဲ့ပါတယ်။ နောက်ပိုင်း ဒီကိစ္စကို အဖွဲ့ထဲက အခြားဝါရင့်သူများကို ပြောပြတဲ့အခါ ဒါက သူမရဲ့ကိုယ်ပိုင် “ပြဿနာ”ပဲဆိုပြီး ရှောင်လွှဲခံရပါတယ်။ ပတ်ဝန်းကျင်က လူမျိုးရေးပြဿနာက သူတို့ကို အဆင်မပြေဖြစ်စေတာကြောင့် ရှောင်လွှဲလိုက်တာပဲလို့ သူမ ခံစားမိပါတယ်။ ဒါက Victoria ကို စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။  လူမျိုးရေးက သူမကို အဆင်မပြေဖြစ်အောင် လုပ်နေတယ်ဆိုတာ သေချာလို့ ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ သူမရှေ့ဆက်တိုးပေမဲ့ လူမျိုးရေးခွဲခြားသူအဖြစ် အထင်ခံရနိုင်ကြောင်း သတိပေးခံခဲ့ရတဲ့အတွက် ဆွံ့အခဲ့ရပါသေးတယ်။ 

မှတ်မိသလောက် အသက် (၈)နှစ် အရွယ်မှာ ပထမဆုံး လူမျိုးရေးခွဲခြားမှုကို စတင်ကြုံတွေ့ရပါပြီ။ အပန်းဖြေကစားကွင်း တီဗွီကြော်ငြာကို ကြည့်နေတဲ့အချိန်မှာပါ။ အဲ့ဒီကို လိုက်ပို့ဖို့ မိဘတွေကို ပြောတဲ့အခါမှာ ဘာမှပြန်မပြောကြပါဘူး။ သူမပြောတာကို မကြားလို့ပဲလားဟု ထင်ခဲ့ပါတယ်။ အဲ့ဒီကြော်ငြာ ထပ်ထပ်လာတဲ့အခါ လိုက်ပို့ပေးဖို့ ထပ်ပြောပါတယ်။ ဒါပေမဲ့ အဖြေမရပါဘူး။ နောက်ဆုံးမှာတော့ သူမကို ဖွင့်ပြောလာကြပါတယ်။ အဲဒီကိုသွားလို့မရဘူး ဘာကြောင့်လဲဆိုတော့ “နီဂရိုး”လို့ ခေါ်တဲ့ လူမည်းတွေကို ဝင်ခွင့်တားမြစ်ထားတယ်။ မိဘတွေက သူ့ကို နောက်နေတာပဲလို့ ထင်ခဲ့ပါတယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ပေါ့။ မိဘတွေက ဒါမျိုးကို ထိန်းချုပ်လို့မရဘူးဆိုရင် သူရော ဘယ်လိုလုပ်ရပါ့မလဲလို့ ကလေးဘဝနဲ့တင် သူမနားလည်ခဲ့ပါတယ်။ ဒီအချိုးအကွေ့ကာလမှာ နားလည်ခဲ့တာက သူ့ဘဝမှာ အရာရာက အမြဲတမ်းမချောမွေ့နိုင်တော့ဘူး ဆိုတာပါပဲ။ အရွယ်ရောက်လာတာနဲ့ အမျှ အဖွဲ့အစည်းတွင်း အသားရောင်ခွဲခြားမှုကိုသတိထားမိလာပြီး ကောလိပ်ကျောင်းသူမှ အရွယ်ရောက်တဲ့တိုင် ခွဲခြားမှုများ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။    

တရားစအားထုတ်ဖို့ ဖြစ်ခဲ့တာက လူမျိုးရေးခွဲခြားမှုကြောင့် ခံစားရတဲ့နာကျင်မှုကို နားလည်ချင်တဲ့ ဆန္ဒကြောင့်ဖြစ်ပါတယ်။ ရက်(၂၀)စခန်းတခုမှာ အလုပ်က အဖြစ်အပျက်တခုကို တွေးမိပါတယ်။ လူမည်းများကို အလုပ်မခန့်တာမျိုးနဲ့ လုပ်ခလစာနည်းပါတာတွေ ပြန်စဉ်းစားမိနေပါတယ်။ လူဖြူအသိုင်းအဝိုင်းက ဘာကြောင့်များ လူမည်းတွေကို စနစ်တကျနဲ့ ခွဲခြားဆက်ဆံနေကြလဲဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။ လူမည်းတွေက ဒီလိုဆက်ဆံခံရဖို့ ထိုက်တန်လောက်တဲ့ ဘာအမှုတခုမှ မကျူးလွန်ထားကြပါဘူး။ ဒါပေမဲ့ ဆရာကြီးဦးဂိုအင်ကာရဲ့ အဆုံးအမကို နာကြားပြီးနောက် အဖြေက ပိုပြီး ရှင်းလာပါတယ်— ဆင်းရဲသောကဖြစ်တဲ့အခါ တယောက်ထဲ မျိုသိပ်ထားဖို့မဟုတ်ဘဲ အဲ့ဒါထက် အခြားသူများနဲ့ မျှဝေဖို့ပဲ ဖြစ်ပါတယ်။ တခြားနည်းနဲ့ပြောရင် လူ့အသိုင်းအဝိုင်းထဲက ဘက်လိုက်မှုတွေက  တဦးတယောက်ရဲ့ စိတ်ဆင်းရဲသောကကို ကြီးထွားစေခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ပြီး စိတ်သက်သာရာမရခဲ့ပေမဲ့ အနည်းဆုံးတော့ ကောင်းကောင်း နားလည်ဖို့ ဖြစ်လာပါတယ်။ 

Victoria က ဒီဝိပဿနာလမ်းစဉ်ထဲ ပိုပြီးနက်နက်ရှိုင်းရှိုင်း ပါဝင်လာတာကြောင့် တရားအားထုတ်ရင်း ဘက်လိုက်မှုကို တိုက်ရိုက် ဖော်ထုတ်ဖို့ သူမမျှော်လင့်မိပါတယ်။ ဒါပေမဲ့ ထိပ်တိုက်တိုးလာတဲ့ ပြဿနာကို ရင်ဆိုင်ရတာထက် သူ စွဲဆိုတာက အဖွဲ့အစည်းထဲက လူဖြူတရားပြဆရာတွေ ထုံးစံအတိုင်း တုံ့ပြန်တာက ဆက်လက် ကြိုးစားအားထုတ်ဖို့နဲ့ ကောင်းတဲ့အပြောင်းအလဲတွေ အလိုလို ဖြစ်လာမယ်ဆိုတာပါပဲ။ ဒါပေမဲ့လည်း Victoria ခံစားရတာက တရားအလုပ်နဲ့ လူမှုရေးဆက်ဆံမှုများကြား ခွဲခြားချက်က လူတွေကို နာကျင်အောင် ဆက်လက်ဖြစ်ပေါ်နေတဲ့ တရားမမျှတမှုတွေကို ရှောင်လွှဲဖို့သာ အဓိက အားပေးပါတော့တယ်။ နည်းတခုကတော့ စမ်းကြည့်မှပဲ သိရမှာပါ : အဲ့ဒီအဖွဲ့အစည်းထဲမှာ တရားအားထုတ်ဖို့ တခုတည်း အာရုံစိုက်ပြီး အံ့ဖွယ်အလုပ်တွေဖြစ်နေပေမဲ့ လူဖြူအခွင့်ထူးခံမှုကတော့ သူမ ယောဂီအဖြစ် စတင်ပါဝင်လာစဉ်ကထက် လျော့မသွားဘဲ ဆက်လက်ဖြစ်ပေါ်ဆဲပါပဲ။ (ဒီအသံလွှင့် စကားဝိုင်းမှာပါဝင်တဲ့ နောက်ထပ်ဧည့်သည်တဦးက သတိပဌာန်တရားအားထုတ်နေတဲ့ အဖွဲ့အစည်းတွေကြား ကွဲပြားချက်ပေါ်မူတည်ပြီး ထောက်ပြသွားတဲ့ အချက်တခုပါပဲ)   

စခန်းများများဝင်ပြီးနောက် ရိပ်သာတွေမှာ ရေရှည်ထမ်းဆောင်ဖို့ Victoria ဖိတ်ကြားခံရပါတယ်၊ ဒါပေမဲ့ ယူအက််စ်မှာ တာဝန်ထမ်းဆောင်ဖို့ သက်သောင့်သက်သာမဖြစ်သလို ခံစားခဲ့ရတဲ့အတွက် အင်္ဂပူရီမှာရှိတဲ့ ဓမ္မဂီရိ ဗဟိုရိပ်သာကြီးမှာပဲ ရေရှည်တာဝန်ထမ်းဆောင်ဖို့  အိန္ဒိယသို့ လေယာဉ်စီစဉ်လိုက်ပါတယ်။ ဆရာကြီး ဦးဂိုအင်ကာရဲ့“သဘောထား”ကို သိရအောင်နဲ့ ဆရာကြီးကိုလည်း တွေ့ဆုံချင်ခဲ့တယ်။ အဲ့ဒီလိုဆိုရင် ယူအက်စ်ရိပ်သာများက လူဖြူဆရာကြီးများကို ငြင်းဆန်ထားတာကြောင့် ဆရာကြီးနဲ့ တွေ့ရမယ်ဆိုတဲ့အကြောင်း အသိုင်းအဝိုင်းက အခြားသူတွေကို ပြန်ပြောနိုင်ပါပြီ။ ဆရာကြီးရဲ့ မျက်နှာအရိပ်အကဲက သူမရဲ့ဖခင်ကို အမှတ်ရစေတဲ့အကြောင်းနဲ့ ဆရာကြီးဆီက နာကြားရတာတွေကို သဘောကျကြောင်း ပြန်ပြောင်း ပြောဆိုပါတယ်။ လူမျိုးရေးအကြောင်းမေးတဲ့အခါမှာ ဆရာကြီးက “အဆင့်အတန်း အနိမ့်အမြင့်စတဲ့ အတွေးအခေါ်အားလုံးကို ထုတ်ပစ်လိုက်ရမယ်၊ ပြီးတော့ ထပ်ပြောသေးတာက ဘယ်လိုနိယာမတွေကမှ နှလုံးသားကို မပြောင်းလဲစေနိုင်ဘူး.. ဓမ္မကသာ ပြောင်းလဲစေနိုင်တယ်။” ဆရာကြီးဦးဂိုအင်ကာက Victoria ကို အာဖရိကနွယ်ဖွား အမေရိကန်တွေကြား တရားဓမ္မကို မျှဝေဖို့ ထပ်ပြီးတော့ ထက်ထက်သန်သန် အားပေးပါတယ်။ သူမရဲ့ သင်ကြားရေးတာဝန်က အဓိကအားဖြင့် အမေရိကန်ရိပ်သာတွေက လူဖြူတပည့်များကို ထောက်ပံ့ရင်း ဒါမှမဟုတ် ပြည်ပတွင် သင်တန်းများ ပို့ချရင်း အချိန်ကုန်နေတာကြောင့် အခု ဆရာကြီးပေးတဲ့ တာဝန်က သူမအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ဝင်စားစရာက ဓမ္မဂီရီမှာရှိတဲ့ အိန္ဒိယလူမျိုး ဆရာတိုင်းက ဦးဂိုအင်ကာနဲ့ တူညီတဲ့ ခံစားချက်မျိုးရှိတာ မဟုတ်ပါဘူး။ ဘာကြောင့်မှန်းတော့မသိပေမဲ့ အဲ့ဒီမှာလည်း အခြေအမြစ်မရှိဘဲ ခွဲခြားဆက်ဆံတာ ခံရပါသေးတယ်—အနောက်တိုင်း လူဖြူယောဂီတွေဆီက မလေ့လာရလို့လား ဒါမှမဟုတ် သူတို့အတွေးထဲ မသိမသာနဲ့ အာဖရိကနွယ်ဖွားမို့ အထင်သေးနေကြတာများလား။ အမေရိကန်ရိပ်သာများမှာရှိစဉ်က အတွေ့အကြုံနဲ့ ယှဉ်ရင် အမေရိကန်တွေက သူတို့ ခွဲခြားဆက်ဆံခံရမှန်း သိကြပါတယ်၊ အိန္ဒိယတွေနဲ့ကျတော့ အာဖရိကနွယ်ဖွား အမေရိကန်တွေနဲ့ ပတ်သက်ပြီး အသိတရားကင်းမဲ့မှုကနေ ထွက်ပေါ်လာတဲ့ ဘက်လိုက်မှုကို ခံစားမိခဲ့ပါတယ်။ ခြုံပြောရရင်တော့ ဓမ္မဂီရိမှာ နေခဲ့ရတဲ့အချိန်တွေက အကျိုးကျေးဇူးများခဲ့ပါတယ်။ နှစ်ပေါင်းများစွာ သွားလိုက်ပြန်လိုက် လုပ်ခဲ့ပြီး တကြိမ်မှာတော့ တနှစ်ပြည့်အောင် နေခဲ့ပါသေးတယ်။ 

၂၀၀၈ မှာ Barack Obama ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီး နောက်နှစ်မှာ အိန္ဒိယ စီမံကိန်းရေးဆွဲရေးကော်မတီက မွန်ဘိုင်းရှိ Dhamma Pattana (Great Global Pagoda လို့လည်းသိကြတယ်) ဖွင့်ပွဲမှာ အမေရိကန်နိုင်ငံသား လူမည်းယောဂီဆရာတယောက်ကို အခမ်းအနား တက်ရောက်စေချင်ပါတယ်။ သူမနောက်မှာ တခြားအာဖရိကနွယ်ဖွား အမေရိကန် တရားပြဆရာ မရှိသေးတာမို့ တက်ရောက်ဖို့ အချိန်တိုအတွင်း ဖိတ်ကြားခဲ့ရပါတယ်။ ဒီလိုမျိုး အခြေအနေ အချိန်အခါအရ ဘောင်ဝင်အောင် လုပ်ဆောင်တဲ့ကိစ္စကို ငြင်းဆန်မှာ စိုးရိမ်တဲ့အတွက် အသွားအပြန် လေယာဉ်လက်မှတ်နဲ့ သူမကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ခံစားရပေမဲ့ သုံးထောင်ကျော်မကက များပြားတဲ့ ယောဂီတွေထဲမှာမှ  ဒါဇင်ဝက်မျှသာရှိတဲ့  အာဖရိကန် အမေရိကန်များကြား စိတ်မကောင်းစွာ လက်ခံခဲ့ပါတယ်။ အဲ့ဒီမှာပဲ သူမနဲ့ အတူ ကင်ညာယောဂီ (Mama Sila Kanyua) တို့က “အာဖရိကအမွေအနှစ်” သင်တန်းစီစဉ်ဖို့ စိတ်ကူးပေါ်လာခဲ့တယ်။ အာဖရိကနွယ်ဖွားများ အတွက်သာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ အထူးသဖြင့် တက်ရောက်သူအားလုံးနဲ့ ကိုက်ညီအောင် အစီအစဉ် ဆွဲခဲ့ပါတယ်။ ဆရာကြီး ဦးဂိုအင်ကာထံမှ ဆုမွန်ကောင်းရရှိပြီး သင်တန်းပို့ချတာလည်း အောင်မြင်ခဲ့ပါတယ်။  Victoria အတွက်တော့ ဒါက အကျိုးကျေးဇူးများတဲ့ အတွေ့အကြုံဖြစ်ပြီး မိမိအသိုင်းအဝိုင်းမှာလည်း ဒီလိုနည်းနဲ့ အောင်မြင်အောင် ထမ်းဆောင်နိုင်ပါတော့မယ်။  

အမေရိကန်ရိပ်သာများမှာလည်း အလားတူသင်တန်းမျိုးလုပ်ဖို့ Victoria မျှော်လင့်ခဲ့ပါသေးတယ်။ ဒီအစီအစဉ်ဖြစ်ဖို့ နှစ်ပေါင်းများစွာ တွန်းအားတရပ် ရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူမကိုယ်တိုင်က ယောဂီစင်စစ်ဖြစ်ပေမဲ့လို့ လူဖြူယောဂီများကို ပို့ချရတဲ့ လူမည်းတရားပြတဦးအနေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဝါရင့်ဝိပဿနာတရားပြဆရာတွေဆီ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နောက်ပြီး အမေရိကန်လူမည်းတွေက သူတို့အသိုင်းအဝိုင်းထဲက အခြားသူတွေနဲ့ သင်တန်းတက်ရတာ ပိုပြီးအဆင်ပြေတယ်လို့ သူမခံစားရတယ်။ နောက်ဆုံးအနေနဲ့ ဆရာကြီး ဦးဂိုအင်ကာက သူကိုယ်တိုင် လူတိုင်းနဲ့လုပ်ဆောင်သလို သူမရဲ့ ဓမ္မအသိုင်းအဝိုင်းအတွင်းမှာလည်း ပြန့်ပွားဖို့လိုကြောင်း အမြဲတမ်း အလေးပေး ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း (တရုတ်၊ ဗမာ၊ ထိုင်း၊ အိန္ဒိယစသည့်) လူမျိုးများအတွက် ပုံမှန်သင်တန်းတွေရှိပေမဲ့ အာဖရိကန် အမေရိကန်များအတွက် ရည်ရွယ်တဲ့ သင်တန်းတွေ စီစဉ်ဖို့ လူမျိုးရေးခွဲခြားတာကို သိသာစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစီစဉ်ကို အဖန်တလဲလဲ ငြင်းဆန်ခဲ့ပါတယ်။ ဒီအကြောင်းပြချက်မျိုးက Victoria အတွက် ကြားနေကျ ခေတ်စကားအရ လူမျိုးရေးခွဲခြားခြင်းကို ပိုပြီးသိသာစေဖို့ ဖြစ်နေပါတယ်။ တချို့ကလည်း ဒီသင်တန်းက “ဓမ္မကို ဆန့်ကျင်နေတယ်”လို့တောင် ပြောကြပါတယ်။ ဒီခြေလှမ်းတွက် အားသွန်ခွန်စိုက်လုပ်နေတဲ့ လူမည်းတဦးအနေနဲ့ သူမကို ဂရုပြုလာကြတာကြောင့် စိတ်မသက်မသာဖြစ်လာပါတယ်၊ ဒါက လူဖြူအသိုင်းအဝိုင်းကြားမှာ အာဖရိကန် အမေရိကန်တယောက်အတွက် ပုံမှန်မဟုတ်တဲ့ အတွေ့အကြုံတခုပါ။ ဒီခြေလှမ်းက အဖွဲ့အစည်းရဲ့ပံ့ပိုးမှု မရတာကြောင့် စိတ်ပျက်စရာဖြစ်နေပြီး နောက်ဆုံး ဘာသင်တန်းမှ ပို့ချခွင့် မရခဲ့ပါဘူး။

ပြောခဲ့တဲ့အတိုင်း အဲ့ဒီကာလမှာ လူမည်းတွေအတွက် အဓိက မရည်ရွယ်ထားခဲ့ပေမဲ့ လုပ်ဆောင်ပေးခဲ့တဲ့ ပဏာမခြေလှမ်းတခု ရှိခဲ့ပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန် အများဆုံးရှိတဲ့ Alabama ပြည်နယ် Donaldson Correctional Facility ရှိ အမျိုးသားအကျဉ်းထောင်မှာ ဖြစ်ပါတယ်။ သင်တန်းကို the Dhamma Brothers အမည်နဲ့ ကောင်းကောင်းမွန်မွန် မှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့လည်း Victoria အတွက် ပြဿနာရှိခဲ့ပါတယ်။ လူမည်းအများစုက သူတို့ကို အဓိက ရာဇဝတ်ကောင်တွေအဖြစ် ပုံဖော်ထားတဲ့ ရုပ်ရှင်မှာပါတဲ့ တရားဓမ္မကို အာရုံမထားချင်လောက်ဘူးဆိုတာ ယုံကြည်ပေမဲ့ လူဖြူပရိသတ်တွေမှာတော့ “လူမည်း ရာဇဝတ်သားများ”ကို ကူညီနေတဲ့ လူဖြူတွေရဲ့ ဇာတ်ကြောင်းကြောင့် စိတ်ထားပြောင်းမှာမဟုတ်ဘဲ ဓမ္မအဆိုအမိန့်တွေကိုသာ တွေ့ရတဲ့အခါ ပြဿနာရှိနိုင်တယ်လို့ သူမခံစားမိခဲ့ပါတယ်။ အာဖရိကန်-အမေရိကန် အကျဉ်းသား အများစုနဲ့ ပတ်သက်တဲ့ ပရိသတ်တယောက်ဆီ လူဖြူဆရာနဲ့ မန်နေဂျာတို့က အဆုံးအမတွေ ပို့ချမှုအပေါ် စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်။ အကြောင်းပြချက်ကတော့ အိန္ဒိယမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်ချီတဲ့ အကျဉ်းသားတွေကို ဆရာကြီး ဦးဂိုအင်ကာ သင်ကြားပေးခဲ့အကြောင်း ရိုက်ကူးထားတဲ့ Doing Time, Doing Vipassana ရုပ်ရှင် နဲ့ဆင်တူနေပါတယ်။ ဒါပေမဲ့ ထူးခြားပြီး အပြောင်းအလဲမြန်တဲ့ လူမည်း-လူဖြူ အမေရိကန်ယဉ်ကျေးမှုက Dhamma Brothers ကို တခြားရုပ်ရှင်တွေထက် တမူထူးခြားစေခဲ့ပါတယ်။ အဆုံးမှာတော့ ဘယ်သူ့ကိုမှ သူမ အပြစ်မတင်သလို ထိခိုက်ဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအဖြစ်မှာ သူမအတွက် စိတ်ပျက်စရာ နောက်တခုက သူမ အလေးထားတဲ့အရာတွေနဲ့ သူမရဲ့အမြင်ကို မလေးစားတာပါပဲ။  

ဝိပဿနာသင်တန်းကို သွားရေးလာရေး လွယ်ကူတဲ့ မြို့တွင်းမှာပို့ချဖို့ Victoria မျှော်လင့်နေခဲ့ပါတယ်။ ယူအက်စ်မှာရှိတဲ့ ဝိပဿနာသင်တန်းအများစုက လူဖြူအများစုနေထိုင်တဲ့ ပြင်ပ အနှောင့်အယှက်ကင်းတဲ့ ကျေးလက်တွေမှာသာ ရှိကြပါတယ်။ ဒါပေမဲ့ Victoria က အဲ့ဒါကို အနှောင့်အယှက်တွေနဲ့ သက်သောင့်သက်သာမရှိမှုတွေကနေ ရှောင်ဖို့ အကြောင်းပြချက်တခု အဖြစ်မြင်ပြီး ဒီလိုမှတ်ချက်ပြုပါတယ်။ စိုးရိမ်ပူပန်စရာနဲ့ အနှောင့်အယှက်များလေလေ တိုးတက်ဖို့ အခွင့်အရေးများလေလေပါပဲ။

Victoriaက သူမရဲ့အမြင်ကို မျှဝေပေးဖို့ တောင်းဆိုခံရပေမဲ့လို့ အဲ့ဒါက ရှုပ်ထွေးပြီးခက်ခဲလှပါတယ်။ ဝိပဿနာအားထုတ်သူ ယောဂီများရဲ့ဇာတ်ကြောင်းများကို စုစည်းထားတဲ့ Ian Hetherington ရဲ့ “အပြောင်းအလဲကို သတိထားမိခြင်း”မှာ သူမရဲ့အကြောင်းကိုလည်း ထည့်ဖို့ ဓမ္မဂီရိမှာ နေထိုင်စဉ် တောင်းဆိုခံခဲ့ရပါတယ်။ သူမရဲ့စာစီစာကုံးတိုလေးမှာ ဒုတိယတန်းစား နိုင်ငံသားအနေနဲ့ ဆက်ဆံခံရတဲ့ လူမည်းတွေရဲ့ အမျက်ဒေါသအကြောင်း ဖြစ်ပါတယ်။ တဲ့တိုးရေးသားမှုတွေက အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တယ်ဆိုတာ သူမ နောက်မှသတိထားမိခဲ့ပါတယ်။ ဒါက သူမရဲ့ ရွေးချယ်မှုမဟုတ်ပေမဲ့ အယ်ဒီတာက သူမရဲ့စာသားများက အပျက်သဘောဆောင်တဲ့ လူမျိုးရေးခွဲခြားမှုတွေပါတာကြောင့် (“Vanessa Rawlings”) ဆိုတဲ့ နာမည်လွှဲနဲ့ ထုတ်ဝေလိုက်ပါတယ်။  George Floyd အသတ်ခံမခံရခင် လွန်ခဲ့တဲ့ (၁၇) နှစ်ကြာက အယ်ဒီတာရဲ့ လူမျိုးရေးခွဲခြားမှု အတွေးအခေါ်တွေက တော်တော်လေး ယေဘုယျဆန်ပေမဲ့ အခုတော့ အမေရိကန်လူဖြူ အသိုင်းအဝိုင်းကြားမှာ အပြောင်းအလဲများစွာ ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။    

အခုဆိုရင် Victoria က အဖွဲ့ထဲမှာ မဟုတ်တော့ပါဘူး။ ကိုယ်တိုင် တရားအလုပ်မှာ အချိန်ပေးထားပြီး အဆုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်စဉ်ဆီကို ဦးတည်လာမှာပဲလို့ ယုံကြည်ပါတယ်။ ကိုရိုနာဗိုင်းရပ်အရေးကြောင့် ကိုယ်တိုင်သီးသန့် ဆက်အားထုတ်မယ့် အခွင့်အရေးကို အပြည့်အဝ အသုံးချထားပါတယ်။ တရားအားထုတ်ခြင်းရဲ့အဓိကရည်ရွယ်ချက်က တည်ငြိမ်မှုကို ဖန်တီးယူဖို့မဟုတ်ပါဘူး။ တခုခုကိုရဖို့ ကြိုးစားတဲ့အခါ လုပ်ချင်တာတွေကို မလုပ်နိုင်ဘဲ အခြားအရာတွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့ စိတ်နဲ့ရုပ်ဝတ္ထုလောကနဲ့ မရောရှက်ဘဲ သီးခြားနေနိုင်ရေး ဖြစ်တယ်လို့ Victoria သိပါတယ်။ ဒါကတော့ သူမလို ယောဂီတဦးအတွက် ရာသက်ပန် အလေ့လို ဖြစ်နေခဲ့ပါပြီ။ အလုပ်မလုပ်တော့ပေမဲ့ အတွေးတွေ ပျံ့လွင့်တဲ့အခါ ဝင်လေထွက်လေကို ဆက်ပြီး အားထုတ်နေတာက စိတ်တည်ငြိမ်ဖို့အတွက် အထောက်ကူဖြစ်တယ်လို့ ဆိုပါတယ်။

နိဂုံးအားဖြင့် Victoria က လောလောလတ်လတ် New York အိမ်နားကမ်းခြေမှာ လမ်းလျှောက်ရင်း ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ပြောပြတာပါ။ အာနာပါနကို အာရုံစိုက်ဖို့ ကြိုးစားတဲ့အခါ စိတ်တွေက အတွေးဆီသို့တဖန်ရောက်ပေမဲ့ ချက်ချင်းဆိုသလို အာနာပါနကို ပြန်အာရုံစိုက်လိုက်နိုင်တဲ့ တခဏမှာပဲ ပင်ကိုလက္ခဏာ သဘောဆောင်တဲ့ နက်ရှိုင်းတဲ့အသိကို ရုတ်တရက် တွေ့ကြုံခံစားမိပါတော့တယ်။


Joshua Bee Alafia (ထောင်အိ ဘာသာဝင်၊ ဝိပဿနာကမ္မဋ္ဌာန်း နည်းပြ၊ စာရေးဆရာနှင့် ရုပ်ရှင် ဒါရိုက်တာ)

အနောက်တိုင်းသား အများစုအတွက် ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ တဦးတယောက်ရဲ့ ရင်းနှီးနေတဲ့ယဉ်ကျေးမှုကို ကျော်လွန်တဲ့ ရှာဖွေမှုကို ပုံဖော်တာမျိုး၊ တချို့တွေအတွက်တော့ ကိုယ်ကြီးပြင်းခဲ့တဲ့ ပုံစံတွေနဲ့ အမြင်တွေကို ဆန့်ကျင်တော်လှန်တဲ့ သဘောမျိုးတောင် ဖြစ်နိုင်ပါတယ်။ တရားအားထုတ်တဲ့ မိဘတွေထံ ကြီးပြင်းလာတဲ့  Joshua Bee Alafia အတွက်တော့ အစဉ်အလာမတူပေမဲ့လို့ အဲ့လိုတွေ မဟုတ်ပါဘူး။ ဆယ်ကျော်သက်တုန်းက Joshua က အချိန်တခုထိ တရားအားထုတ်ဖို့ ငြင်းဆန်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝမှာ စ တရားအားထုတ်ခဲ့ပြီး သူ့အတွက် တရားအားထုတ်ရတာ အထီးကျန်ဆန်လွန်းပြီး တခါတရံ သူနဲ့မဆိုင်သလိုခံစားရတာကြောင့်နဲ့ ငယ်ငယ်က အခြေမကျတာကြောင့်ရော ဆက်အားမထုတ်ဖြစ်ခဲ့ပါဘူး။ 

ပထမဆုံး အတွေ့အကြုံကတော့ သူ့အမေသင်ပေးတဲ့ သာမာန်လူတွေ ဉာဏ်မမီနိုင်တဲ့ ဂါထာတပုဒ် ဖြစ်ပါတယ်။ အဲ့ဒီနောက် အာယုဝေဒ ကျင့်စဉ်များ(Ayurvedic practices)၊ ဟာဝိုင်ယီမှ ဝိဉာဉ်ဝါဒ(Hawaiian Shamanism)၊ ဆူဖီဝါဒ(Sufism)နှင့် Kabbalah တို့ကို လေ့လာစူးစမ်းခဲ့ပါတယ်။ အထူးသဖြင့် စိတ်ကို ဘယ်လို ရှင်းလင်းထားမလဲဆိုတဲ့ Dzogchen အစဉ်အလာကို ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ NewYork Insight Meditation Society ရဲ့ပူးတွဲတည်ထောင်သူနှင့် အသားရောင်မခွဲသော နည်းပြ Gina Sharpe ထံမှာ New York Insight သင်တန်းများ တက်ရောက်ခဲ့ပါတယ်။ ထိုနည်းပြက လူဖြူမဟုတ်သူ အားလုံးအတွက် ပုံမှန်အစည်းအဝေးများ ပြုလုပ်တဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နည်းပြဆရာမက သူ့ကို Spirit Rock’s Community Dharma Leaders (CDL) အစီအစဉ်ကို လျှောက်ထားဖို့ အားပေးခဲ့ပါတယ်။ အဲ့နောက်မှာ CDL အဖွဲ့မှာပါတဲ့ အခြား လူမည်းနည်းပြဆရာ Sebene Selassie နှင့်အတူ ပူးပေါင်းပြီး လူဖြူမဟုတ်သူအများစု တက်ရောက်နိုင်မည့် အစည်းအဝေးများ စတင်ခဲ့ပါတယ်။ အစည်းအဝေးတွေကိုတော့ Selassie ရဲ့အိမ်မှာ လုပ်ခဲ့ကြပါတယ်။ သူက ဒုက္ခရောက်နေတဲ့ လူငယ်များကို ပို့ချပေးနိုင်ဖို့အတွက် သင်ကြားရေးအလေ့အကျင့်ကို စတင်အာရုံစိုက်ခဲ့ပါတယ်။ 

သူ့ကိုယ်သူ “စွန့်စားတဲ့ ဆယ်ကျော်သက်”လို့ခေါ်တဲ့ Joshua က ဘဝမှာ အခက်ခဲကြုံတွေ့ခဲ့ရတဲ့ လူငယ်တွေကို အလွန်စာနာမိပါတယ်။ သူက အကျဉ်းချခံ လူငယ်များကို ဝန်ဆောင်မှုပေးတဲ့ အစီအစဉ် the Lineage Project မှာပါဝင်ခဲ့ပြီး ဒါက သူ့ဘဝတဆစ်ချိုး ပြောင်းလဲတဲ့ အတွေ့အကြုံလို့ပြောပါတယ်။  ချီကာဂိုသို့ ပြောင်းရွေ့ပြီးနောက် Southside Insight ကို စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်က “ငရဲဘုံ”အလား ခက်ခဲများကို ကျော်လွှားခဲ့တဲ့ ဘဝပိုင်ရှင်လူငယ်တွေနဲ့အတူ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ကြံ့ခိုင်တဲ့ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်မှုကို ထေရ၀ါဒ အစဉ်အလာမှာ တွေ့ရတဲ့အကြောင်း ပြောပြပါတယ်။ မိမိကိုယ်ကိုယ်နဲ့ မိမိကိုနာကျင်စေတဲ့သူတွေကို ခွင့်လွှတ်နိုင်တဲ့အလေ့ကိုရဖို့နဲ့ စိတ်ဒဏ်ရာ ကုသဖို့အတွက် ဗြဟ္မာ့ဝိဟာရ(ဗြဟ္မစိုရ်တရား)ကို အထူးကျင့်သုံးဖို့ လူငယ်တွေကို အားပေးပါတယ်။ ဗြဟ္မာ့ဝိဟာရ အကျင့်က ငယ်ဘဝမှာ စိတ်ဒဏ်ရာကြီးကြီးမားမားနဲ့ ဖြတ်သန်းခဲ့ရတဲ့ လူဖြူမဟုတ်သူတွေအတွက် အထူးသင့်တော်ကြောင်း ပြောပါတယ်။   

Joshua က လူမည်းယောဂီတဦးအနေနဲ့ သူ့ရဲ့ဓမ္မခရီးစဉ်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အခါ ယူအက်စ်က လူဖြူယောဂီအသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့ဖို့က “ခရောင်းလမ်း”သဘော အနည်းအကျဉ်း သက်ရောက်ကြောင်း ဝန်ခံပါတယ်။ တချို့လူဖြူတပည့်တွေက Joshuaရဲ့ ဆရာအဖြစ် ဖြစ်တည်မှုကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ အထက်နေ လူမည်းဆရာက စာသင်တာကို စိတ်အနှောင့်အယှက်တောင် ဖြစ်နေခဲ့ကြပါတယ်။ တချို့လူဖြူဆရာတွေကတောင် သူနဲ့တွေ့ရင် အပျက်သဘော တုံ့ပြန်မှုတွေ ပြကြပါတယ်။ အမေရိကန် လူ့အဖွဲ့အစည်းကြီးထဲက တရားအားထုတ်တဲ့ အသိုင်းအဝိုင်းထဲမှာ ဒါမျိုးတွေ့ရတာ Joshua အတွက်တော့ အဆန်းမဟုတ်ပါဘူး။ 

မတူတာတခုက ဓမ္မအသိုင်းအဝိုင်းတွေထဲမှာ “မျက်ကွယ်ပြုလိုတဲ့ စိတ်ဓာတ်”နဲ့ ပတ်သက်ပြီး သာဓကတွေကို သူသိပါတယ်။ တနည်းအားဖြင့်ဆိုရင် တစုံတယောက်ရဲ့ စိတ်ဓာတ်ရေးရာ အလေ့က အသားရောင်လူမျိုးခွဲခြားမှု၊ လိင်ခွဲခြားမှု၊ သန်စွမ်းသူများ အခွင့်ထူးခံမှု၊ လိင်တူတွေကို မနှစ်မြို့မှု စတဲ့ အတွင်းစိတ်မှာ ခိုအောင်းနေတတ်တဲ့ အရာတွေကို ရှောင်လွှဲတဲ့စိတ်ဓာတ် ဖြစ်ပါတယ်။ အဖြူယောဂီတွေ အခိုင်အမာပြောတာက သူတို့ရဲ့ အလေ့အကျင့်တွေက စိတ်ဓာတ်တိုးတက်ဖို့အတွက်သာ ဖြစ်ကြောင်းနဲ့  ထိပ်တိုက်တွေ့လာတဲ့ လောကီပြဿနာများကို ရင်ဆိုင်ဖို့ မလိုဘူးလို့ ဆိုပါတယ်၊ လူဖြူနည်းပြတွေက လူ့အဖွဲ့အစည်းထဲ အသားရောင်ကွဲမှုမရှိဘူး ပြောတဲ့အခါ Joshua အတွက် စိတ်ကသိကအောက် ဖြစ်ရပါတယ်။ အစမှာတည်းက စကားစမြည်ပြောဖို့မလွယ်တာမို့ အဲ့ဒီလို စပြောတဲ့သူတွေနဲ့ ဆက်ဆံဖို့ ခက်ပါတယ်။ 

အဲ့အစား ကျွန်တော်တို့ရဲ့ အတ္တဝါဒီယဉ်ကျေးမှုထဲ စိန်ခေါ်နေတဲ့ အခြေအမြစ်မရှိဘက်လိုက်မှုတွေကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာကို ကုစားဖို့သာ သူက အာရုံစိုက်သင့်တယ်လို့ ယူဆပါတယ်။ စိတ်သက်သာရာရဖို့ ကြိုးစားတဲ့အခါ စိုးရိမ်ပူပန်မှုနှင့် ရင်ဆိုင်ဖို့ ရဲစွမ်းသတ္တိရှိရမယ်လို သူကဆိုတယ်။ ကျွန်တော်တို့ တဦးချင်းစီအနေနဲ့ စိတ်သက်သာရာရဖို့ ယုံကြည်ချက်အပြည့်အဝနဲ့ အချိတ်အဆက်မိမိ မဆန်းစစ်နိုင်သရွေ့ ရှေ့ဆက်မသွားနိုင်ပါဘူး။ ဒါက စနစ်အရ ခွဲခြားဆက်ဆံခံရသူများနဲ့ အခွင့်ထူးခံစားနေကြသူများအတွက်ပါ အမှန်တရား ဖြစ်ပါတယ်။

အနောက်တိုင်းယောဂီတွေက Joshua ရည်ညွှန်းတဲ့ “အယူအဆ စုဆောင်းခြင်း”ဆိုတဲ့ စကားလုံးထောင်ချောက်ထဲ ကျရောက်သွားပြီး ရလဒ်အနေနဲ့ လှုမှုရေးအရ ပူးပေါင်းမှုမရှိခြင်းဘက်က်ို ယိမ်းယိုင်သွားပြီလို့ သူက ယုံကြည်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ အများစုက ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာတွေနဲ့ အဆက်ပြတ်သွားတာလို့ ယုံကြည်တာကြောင့် ဖြစ်ပါတယ်။ အကယ်၍ သူတို့က သူတပါးရဲ့ ကရုဏာနဲ့ ကြင်နာမှုကိုမှီခိုပြီးမှ ရလာမယ့် ဆွမ်းကွမ်းကို အလှူခံထွက်ဖို့ ဖြစ်လာတဲ့အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲလို့ သူကသိချင်နေပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့အချင်းချင်းကြား ဆက်သွယ်မှုက အတော်လေး ရှင်းသွားလိမ့်မယ်။ ကရုဏာနဲ့ စာနာမှုက ပဓာနကျလာမယ်။ တရားဓမ္မနဲ့ ဘဝကို နေထိုင်ခြင်းဆိုတာ တဦးတည်း တရားအားထုတ်နေရုံမျှနဲ့ ကျေနပ်မနေသင့်၊ အပြုသဘောဆောင်တဲ့ ကရုဏာအလုပ်တွေနဲ့ ပြည့်နှက်နေသင့်ပါတယ် လို့ သူက အလေးအနက်ထားပြီး ပြောထားပါတယ်။ 

Black Lives Matter ဆန္ဒပြပွဲတွေက Joshua အတွက် မျှော်လင့်ချက်ကြီးလာပြီဖြစ်တယ်။ လူမှုရေးစိတ်ဓာတ်ကင်းမဲ့ပြီး လူမှုကွန်ယက်ကို မျှော်လင့်ချက်မဲ့စွာ စွဲလမ်းနေတဲ့ ခေတ်လူငယ်တွေက အသုံးမကျဘူးလို့ ထင်ရပေမဲ့ ဆန္ဒပြပွဲတွေမှာ အဆက်မပြတ် လေးလေးနက်နက်ပါဝင်လာတာ တွေ့ကြောင်း သူက ပြောပါတယ်။ အခြားတစ်ဖက်မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေရဲ့ အတွင်းစိတ် အမှန်ကို အလေးအနက်ထားပါတယ်။ တက်ကြွလှုပ်ရှားသူတွေက တုံ့ပြန်မှုတွေကို ဆက်ပြီးဆွပေး နေတာကြောင့် စိတ်ဖိစီးမှုများလာတာကို သူသတိပြုမိပါတယ်။ တဖက်ကလည်း လူမှုရေး တရားမျှတမှုမှာ တိုးတက်မှုကို နှောင့်နှေးအောင် တက်တက်ကြွကြွ ကာကွယ်နေပြီး တခြားသူတွေရဲ့ဒုက္ခကို မခံစားပေးနိုင်ဘူးလို့ထင်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ “ပင်ကိုစိတ်ရင်း”ထဲ ဘာဖြစ်နေခဲ့သလဲဆိုတာကို သူသိချင်နေပါတယ်။ ဘယ်ဖက်ကမှတော့ သူတို့ရဲ့အတွင်းစိတ်ရင်းကို သေချာ မဆန်းစစ်တာကြောင့် နှစ်ဖက်စလုံး “မီးပုံ ယမ်းကျ” ဖြစ်လာပါတယ်။ တဖက်က စစ်ရေးဖြင့်တုံ့ပြန်လာသလို တဖက်ကလည်း အမြစ်မြေလှန် ပြောင်းလဲချင်ကြပါပြီ။

ဒါပေမဲ့ တရားအားထုတ်တဲ့ယောဂီတွေကို Joshua သတိပေးတာက အလွန်အစွမ်းထက်ပြီး ကိုယ့်ကိုယ်ကိုယ် ကုစားနိုင်တဲ့ ဆေးလက်နက် ကရိယာလေးတွေ မိမိတို့ကိုယ်စီ  တပ်ဆင်ထားပြီး ဖြစ်ပါတယ်တဲ့။ လက်ရှိကာလမှာ လူတွေက အရင်ကာလတွေတုန်းကထက် တရားအားထုတ်ဖို့ ပိုပြီးထက်သန်လာကြတယ်လို့ သူက ယုံကြည်ပါတယ်။ ဒါက သူ့အတွက် လက်ရှိကာလမှာ မျှော်လင့်ချက်လေးပါ။ ဒါကို “ကြီးကျယ်တဲ့ နိုးကြားမှု”လို့ သူကရည်ညွှန်းလိုက်ပါတယ်။ ကျင့်စဉ်များကိုမျှဝေခြင်းနှင့် အဆင့်ဆင့် ကုစားခြင်းအားဖြင့် လူတွေရဲ့ သိစိတ်မှာ စွမ်းအားကြီးတဲ့ အရွေ့တခု ဖြစ်လာနိုင်ပါတယ်။ လက်ရှိကာလနဲ့ သူ့ရဲ့မိဘများခေတ်နဲ့ နှိုင်းယှဉ်တဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲမှုက တက်ကြွလှုပ်ရှားမှုများကို အဆုံးသတ်ပစ်လိုက်နိုင်ကြောင်း ပြောထားပါတယ်။ အခုဆိုရင် ရှင်းလင်းပြတ်သားမှု ရှိလာပြီလို့ သူကပြောပါတယ်၊ ကျွန်တော်တို့ရဲ့စိတ်ဒဏ်ရာကို ရင်ဆိုင်ကုစားဖို့ မူးယစ်ဆေးသုံးစရာမလိုဘဲ သဘာဝအတိုင်း ခံစားလို့ ရကောင်းတာ ရှိနေပြီဆိုတာ လူတော်တော်များများ သိလာကြပြီလို့ သူကဆိုပါတယ်။


Wayne Smith (cello တယောပညာရှင်၊ ဆရာကြီး ဦးဂိုအင်ကာနည်းဖြင့် ဝိပဿနာ အားထုတ်သူ၊ ရေရှည်သင်တန်းသား)

နယူးယောက်မြို့အပြင်ဘက် နယူးဂျာစီပြည်နယ်ဆင်ခြေဖုံးရပ်ကွက် ဘုရားသခင်ကို အလွန်ယုံကြည်ကိုးကွယ်တဲ့ Pentecostal မိသားစုမှာ Wayne Smith ကြီးပြင်းခဲ့ပါတယ်။ လူဖြူတွေအဓိကနေထိုင်တဲ့မြို့ရှိ လူမည်းရပ်ကွက်မှာ ကြီးပြင်းလာတဲ့သူဖြစ်လို့ လွှမ်းမိုးကြီးစိုးမှုထုံးစံအရ “အထင်းသား ခွဲခြားမှု”ပုံစံ လူမျိုးရေးအကြား အဆီးအတားကို သူက အမြဲသတိပြုမိသား ဖြစ်ပါတယ်။ သူအရင်ဆုံးတွေ့ကြုံရတဲ့ လူမျိုးရေးခွဲခြားမှုက ရန်လိုမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်မှု၊ အနိုင်ကျင့်ခံရမှု၊ အဲ့ဒါတွေနဲ့ စာသင်ခန်းထဲမှာ သူ့ရဲ့ပါဝင်ဆောင်ရွက်မှုတွေ နောက်ပြီး ဂန္ထဝင်တေးဂီတအပေါ် စိတ်၀င်စားမှုတွေကနေ ဖြစ်ပါတယ်။ “သာမန်လူမည်းကလေးတွေ”ထက်ပိုပြီး ခွဲခြားဆက်ဆံခံရတယ်လို့ သူကယုံကြည်ပါတယ်။ ဒါပေမဲ့ ကိုးနှစ်သားအရွယ် ဂျော်ဂျီယာကို အလည်ခရီးသွားစဉ် လူမျိုးရေးနဲ့ပတ်သက်ပြီး အကျည်းတန် မဟုတ်မတရား ပြောဆိုခံရမှုတွေ ကြုံရပါတယ်။ ရဲတွေရဲ့ တရားမျှတမှုမရှိတဲ့ ယာဉ်တားဆီးမှုတွေကို နှစ်ပေါင်းများစွာ ကြုံရပါသေးတယ်။ ကြီးပြင်းလာတဲ့တလျှောက် မီဒီယာတွေမှာ သူနဲ့အလားတူတဲ့ လူမျိုးများ၏ရုပ်ပုံများကို တခါမှ မမြင်ဖူး။ ယဉ်ကျေးမှုမရှိတဲ့ အမူအရာနဲ့ မယုံသင်္ကာဖြစ်မှုတွေကို ထပ်ခါထပ်ခါ ကြုံခဲ့ပါတယ်။ တချိန်တုန်းက စာသင်နှစ်ဝက် အစပိုင်းမှာ အဆင့်မြင့်အထက်တန်း သင်္ချာအတန်းထဲ ဝင်လာတဲ့သူ့ကို နည်းပြက အချိန်မှားပြီး ဝင်လာတဲ့ ကျောင်းသားလို့တောင် သံသယရှိတာကို ကြုံရပါသေးတယ်။  

Wayne ရဲ့မိဘတွေက မေတ္တာတရားရှိသူတွေဖြစ်ပေမဲ့ Jim Crow ခေတ် ဆူပူမှုများဖြစ်စဉ်က ကျေးကျွန်တွေရဲ့ သားမြေး၊ လယ်သူရင်းငှားရဲ့ သားသမီးအဖြစ် နေထိုင်ခဲ့စဉ် လူဖြူတွေအပေါ် မကျေနပ်မှုတွေက ပြင်းထန်ခဲ့ပါတယ်။ ဒီလို အကြင်နာတရား ကင်းမဲ့တဲ့ အငြိုးအာဃာတ ပြင်းထန်တဲ့ အဆိပ်အတောက်က်ို ရှောင်ရှားဖို့ရန်အတွက် သူကိုယ်တိုင် လူမျိုးရေးခွဲခြားမှု တွေကြုံနေရပေမဲ့ ထပ်ပြီး အငြိုးအတေးမထားတော့ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။    

သူ့မိသားစုက Pentecostal ဘုရားရှိခိုးကျောင်းရဲ့ တပည့်တွေဖြစ်ပေမဲ့ Wayne က ဆယ်ကျော်သက်အရွယ်မှာ အရှေ့တိုင်းနှင့် Native American အတွေးအခေါ်ကို လေ့လာလိုက်စားခဲ့ပါတယ်။ သူ့ကို အဓိကလွှမ်းမိုးသူတွေကတော့ Dalai Lama၊ Pablo Neruda နဲ့ Thich Nhat Hanh တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ချိနဲ့စေတတ်တဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှု က သူ့ကိုလမ်းလွဲစေခဲ့ပါတယ်။ မေတ္တာတရားကြီးတဲ့ ဘုရားသခင်ကို သက်ဝင်ယုံကြည်ဖို့ ပြန်လည်ထူထောင်ရေး အစီအစဉ်က သူ့ကို အားပေးတဲ့အခါ အဲ့အစား သူက ဗုဒ္ဓစာပေတွေမှ နှစ်သိမ့်မှု ရယူခဲ့ပါတယ်။ ဒါက သူ့ရဲ့ပထမဆုံးသော ဆရာကြီးဦးဂိုအင်ကာ ဦးစီးတဲ့ ဝိပဿနာသင်တန်းကို တက်ရောက်ဖို့ ဖြစ်လာပါတယ်။ သူ့ရဲ့ ဓမ္မဌာနေ ခိုကိုးရာ ဒေသတွင်းရိပ်သာ Dhamma Dharā မှာ အားလည်းထုတ်ရင်း တာဝန်လည်း ထမ်းဆောင်နေခဲ့ပါတယ်။

တရားအားထုတ်ခြင်းက သူ့ဘဝဇာတ်ခုံ ပုံဖော်ရာမှာ “မိမိကဏ္ဍ”ကို ထိုးထွင်းသိနိုင်စွမ်းကို ဖော်ဆောင်ပေးပါတယ်။ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ သူ့အကြောင်းနဲ့ ပတ်သက်တဲ့ခံစားချက်တွေ အပါအဝင် လူမျိုးရေးခွဲခြားမှုရဲ့ “တရစပ် နှိပ်စက်ခံရခြင်း”ကနေ တရားအားထုတ်ခြင်းဖြင့် သက်သာစေပါတယ်။ အစောပိုင်း သိမြင်တာတခုက မကျေနပ်မှုတွေကို တည်ဆောက်ဖို့ မကြိုးစားပေမဲ့ အတွင်းစိတ်ထဲမှာ အကြင်နာကင်းမဲ့မှုတွေက တကယ်တမ်း အတိုင်းတာတခုထိရှိနေဆဲ ဖြစ်ပါတယ်။ စိတ်ရင်းစေတနာကောင်းကောင်းနဲ့ နာကြည်းမှုကို လုံးဝ ဖြေလျှော့လိုက်ဖို့အတွက် သူ့ရဲ့နုနယ်နေသေးတဲ့ စေတနာကို ပြန်ကြည့်မိပါတယ်။ တရားအားထုတ်ရင်းနဲ့  သူလေ့လာမိတာက နာကျင်မှုကို ရှင်းရှင်း ရင်မဆိုင်လိုတဲ့အတွက် အတင်းတွန်းအားပေးပြီး တုံ့ပြန်နေတဲ့ သဘောကို တွေ့ရပါတယ်။ ခံစားချက်နဲ့ ပတ်သက်လို့ တကယ့်အတွေ့အကြုံမှာ ဒေါသက လူတွေရဲ့ အပြန်အလှန်ဆက်သွယ်မှုကို သဘောပေါက်စေပြီး ပြင်းထန်တဲ့ စိတ်ခံစားမှုများက လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ် ဆိုတာပါပဲ။ သူ့ရဲ့ဒေါသတွေ လျော့ပါးသွားဖို့နဲ့ ဦးမော့ကာ ရှေ့ဆက်လျှောက်လှမ်းဖို့ တရားအားထုတ်ခြင်းက သူ့ကိုကူညီပါတယ်။

Wayne ကလက်ရှိ လူမည်းတို့ဘဝ အရေးပါသည်ဆိုတဲ့ Black Lives Matter လှုပ်ရှားမှုကို အနီးကပ်လေ့လာခဲ့ပြီး သူ့ရဲ့လူဖြူသူငယ်ချင်းများကြား ဖြစ်ပွားနေမှုတွေကိုသိပြီး အံ့သြသွားခဲ့ပါတယ်။ သူတကယ်သတိပြုမိတာက လူဖြူမိတ်ဆွေများစုက လူမည်းသူငယ်ချင်းများ၊ မိသားစုများထက် ပိုပြီး စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ယူအက်စ်မှာ လူမျိုးရေးခွဲခြားမှုကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းချင်နေကြတာကြောင့်ပါ။ မေတ္တာကြီးပြီး နှလုံးလှသူများဖြစ်ပေမဲ့ အမေရိကန်လူမည်းတွေမှာ လူမျိုးရေးခွဲခြားမှုနဲ့ အနိုင်ကျင့်ခံရတာတွေ အဆက်မပြတ်ကြုံနေတာကို မယုံကြည်ကြောင်း၊ ခေတ်သစ်အမေရိကန်တို့ရဲ့ တကယ့်ကိုယ်တွေ့ မဟုတ်ကြောင်း၊ သူတို့က စနစ်တကျ လူမျိုးရေးခွဲခြားမှုကို မရည်ရွယ်ဘဲ အဆက်မပြတ် ကူညီပေးနေကြပါတယ်။ အခုချိန်မှာ အကောင်းမြင်ရမလို ဖြစ်နေပေမဲ့ စိတ်သဘောထား မြန်မြန်ကြိီး ပြောင်းသွားမှာကို Wayne က စိုးရိမ်နေပါတယ်။ တနည်းပြောရင် ပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းတာမဟုတ်ဘဲ အပေါ်ယံအပြောင်းအလဲအတွက်ပဲ တွန်းအားဖြစ်လိမ့်မယ်။ လူ့အဖွဲ့အစည်းကို ပြောင်းဖို့ ကိုယ်တိုင်ပြောင်းလဲရမယ်ဆိုတဲ့ တာဝန်ဝတ္တရားကို ပျက်ကွက်ခွင့်ပြုလိုက်သလိုပါပဲ။ အဲ့အစား လေးလေနက်နက် အချိန်ယူ စဉ်းစားပြီး ကိုယ့်အတွင်းစိတ်ထဲက ဘက်လိုက်မှု ဇစ်မြစ်ကို ကိုယ်ကိုယ်တိုင် ဆင်ခြင်သုံးသပ်ဖို့ ပိုအရေးကြီးနေပြီလို့ သူကထင်ပါတယ်။ လက်ရှိ အခြေအနေကနေ  အကျိုးအမြတ်ရှိနေပေမဲ့လို့ တယောက်ယောက်က လူတွေကို ထိခိုက်စေပြီလို့ သိရရင် နာကျင်စရာသာ ဖြစ်တယ်လို့ ပြောပါတယ်။ အကယ်၍ ကျွန်တော်တို့က လူတွေကို ထိခိုက်နာကျင်စေဖို့ ဆုံးဖြတ်လိုက်တာနဲ့ ကျွန်တော်တို့ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတတ်တဲ့အရာကို သိမ်းထားလိုက်ကြောင်း သူသဘောပေါက်ပါတယ်။ ဒါဆို လူတယောက်ရဲ့ ကိုယ်ပိုင်အခွင့်ထူးနဲ့ လူမျိုးရေးခွဲခြားတဲ့ စနစ်ထဲမှာ မိမိက သွယ်ဝိုက်တဲ့နည်းနဲ့ အဆက်မပြတ် ပါဝင်နေသလားဆိုတာ သေချာဆန်းစစ်ဖို့ အရေးကြီးပါပြီ။ ဒါကို ရပ်လိုက်မယ်ဆိုရင် စိတ်ဒဏ်ရာတွေကနေ (Wayne ရဲ့ လူမည်းမိတ်ဆွေနဲ့ မိသားစုတွေခံစားရတဲ့)ဒေါသ—ဒါမှမဟုတ်—(တချို့လူဖြူတွေဆီက)သနားစရာ အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်။    

ရှေးမနှောင်းက ဥပမာအတိုင်းပါပဲ။ မကြာသေးခင်လေးက ကားရပ်နားတဲ့နေရာကိုလာပြီး သူတို့အသိုင်းအဝိုင်းကို အမေရိကန်လူဖြူတွေ ဆက်ဆံတဲ့ပုံစံအတွက် တောင်းပန်စကားဆိုတဲ့ လူဖြူသူစိမ်းတယောက်အကြောင်းကို ပြောပြပါတယ်။ ဒီလူရဲ့ရည်ရွယ်ချက်က ကောင်းမွန်ပြီး ဒါက အစကောင်း ဖြစ်နိုင်တယ်လို့ Wayne က ယူဆပါတယ်။ ဒါပေမဲ့ ဒီလူရဲ့ ချဉ်းကပ်မှုက သဘောရိုးနဲ့ စကားပြောဖို့ကနေ ရှောင်သွားအောင် လုပ်လိုက်တယ်လို့လည်း Wayne ခံစားမိတယ်။ Wayne က သူကိုယ်တိုင် အဝင်အပါဖြစ်နေတဲ့ စနစ်ကြောင့် နာကျင်ရမှုကို ရင်ဆိုင်တာ ဖြစ်ပါတယ်။ တကယ့်ပြဿနာကနေ ဝေးဝေးနေချင်ပေမဲ့ ထိုလူစိမ်းမှာ “သူတော်ကောင်း လက္ခဏာ”ရှိကြောင်း ဖော်ပြသလိုပါပဲ။ ဒါပေမဲ့ Wayne ယုံကြည်တာက ဒီလို စကားမျိုးက တချို့တွေအတွက် အတော်လေး ခက်ခဲနေလိမ့်ဦးမယ် ဆိုတာပါပဲ။ လူတွေက ပိုကောင်းတဲ့သူဖြစ်ဖို့ထက် ပိုစိတ်ချမ်းသာချင်ကြတယ်။ ပြီးတော့ ဒါက မိမိကိုယ်ကိုယ် ဆန်းစစ်ရေးမှာ အဟန့်အတားဖြစ်လာတယ်။ ဖန်တရာတေနေနဲ့ စကားကြီးစကားကျယ်တွေထဲ အမှန်တရားကတော့ လမ်းပျောက်နေပါပြီ။

အဲ့ဒီမှစလို့ ကမ္မဋ္ဌာန်းအကြောင်း စလာပါပြီ။ တရားဓမ္မက ခွန်အား၊ စိတ်ကိုကြည့်ရှုဖို့၊ ကျနော်တို့အားလုံးရဲ့ဒုက္ခကိုသိပြီး ယင်းဒုက္ခကို ဘယ်လိုသည်းခံရမလဲဆိုတာကို ပြသပေးပါတယ်။ ဒါပေမဲ့ အမြဲတော့ မလွယ်ပါဘူး။ Wayne ရဲ့ ပထမဆုံး တကယ့်အကြမ်းစား အတွေးတွေက တရားထိုင်ခုံပေါ်မှာပါ။ ဒါတွေကို သူက အံ့အားသင့်မှု၊ စိတ်သက်သာစေမှုနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါက ကျနော်တို့တွေ ကိုယ့်နည်းကိုယ့်ဟန် ဆင်းရဲဒုက္ခ ခံစားရတယ်ဆိုတာ ထိုးထွင်းသိဖို့ ဖြစ်လာခဲ့ပါတယ်။ တရားအားထုတ်မှု ရင့်ကျက်လာရာက ကရုဏာနဲ့ စာနာမှု ထွက်ပေါ်လာပြီး တခြားသူတွေလည်း သူတို့ကိုယ်ပိုင် ထိုးထွင်ဉာဏ် ပေါ်ပေါက်ဖို့ ဖြစ်နိုင်ပါပြီ။ ဒါက Wayne ရဲ့ တရားထုတ်မှုမှာ အဓိက အစိတ်အပိုင်းဖြစ်လာပါတယ်။

အခုတော့ Wayne က လူမျိုးရေးခွဲခြားမှုနဲ့ကြုံလာရင် တချိန်တုန်းက ခံစားခဲ့ရသလို ဝမ်းနည်းတာ၊ ဒေါသထွက်တာ မရှိတော့ပါဘူး။ ဥပမာအနေနဲ့ နယူးယောက် မြေအောက်ရထားဘူတာ ပလက်ဖောင်းမှာ ဖျော်ဖြေရေးလုပ်တုန်းက အကြောင်းလေးကို ပြောပြပါတယ်။ ဂျာမန်ဂီတပညာရှင်ကြီး Bach ရဲ့ တေးသွားကို တီးခတ်စဉ်မှာပဲ လူတယောက်က သူ့ကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်ပြီးနောက် သူ့ပါးကို ရိုက်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကိုတွေ့တဲ့ လမ်းသွားလမ်းလာတွေက ကိုယ်ထိလက်ရောက် ကျူးလွန်သူကို ဖမ်းဖို့ ဒေါသတကြီး အော်ဟစ်ကြပါတယ်။ ဒါပေမဲ့ Wayne ကတော့ အတီးအခတ် မပြတ်ခဲ့ပါဘူး။ သူမတုံ့ပြန်ခဲ့ဘူးဆိုတာက အကြောက်တရားနဲ့ ရှောင်ဖယ်လိုတဲ့စိတ်ကြောင့် မဟုတ်ပါဘူး။ သူ့ဆီကို ဦးတည်နေတဲ့ ဒေါသတရားကို ကိုယ်ရေးကိုယ်တာနဲ့ မရောစွက်ဖို့ လေ့ကျက်ထားတာကြောင့်သာ ဖြစ်ပါတယ်။ တခြားသူရဲ့ ဖြစ်ကြောင်းအမှန်က Wayne အတွက်တော့ အဆိပ်အတောက်ပါပဲ။ ဒါပေမဲ့ Wayne က ဒီလိုဇာတ်လမ်းထဲ ဇာတ်ကောင်အဖြစ် မပါဝင်ဖို့ ရွေးချယ်ထားလိုက်ပါပြီ။

ဒါပေမဲ့ ဆက်တိုက်ဖြစ်ပေါ်နေဆဲ ခွဲခြားဆက်ဆံခံရတဲ့ အဖြစ်တွေကို ရင်ဆိုင်နေရတာက အလွန်ပဲ ပင်ပန်းလှပါပြီ။ ဒါက လူမျိုးရေးခွဲခြားမှုအတွက် ရန်လိုနေတဲ့ လက္ခဏာတွေသာမက အငြိုးအာဃာတ မထားတော့ခြင်း၊ လူမည်းတော်တော်များများနဲ့ မတွေ့ဖူးတဲ့ လူဖြူတွေအပေါ် သက်သောင့်သက်သာ မဖြစ်တာ ဒါမှမဟုတ် အခွင့်ထူးကို အလွဲသုံးစားလုပ်တာတွေ ထင်ထင်ရှားရှား ပါဝင်နေပါတယ်။ အခုတော့ သူ့မှာ လူမျိုးရေးခွဲခြားမှုကို ရင်ဆိုင်ဖို့အတွက် လက်နက်ရှိနေပေမဲ့ သူကိုယ်တိုင် အဖိနှိပ်ခံနေရာမှာ ရှိမနေဖို့ လိုလားပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က ကြင်နာတတ်သူတွေနဲ့သာ နေဖို့ ကြိုးစားပါတယ်။

ခြုံပြောရရင် Wayne က သူ့ကိုယ်သူ တက်ကြွလှုပ်ရှားသူအဖြစ်ထက် “စစ်ပွဲရန်ပွဲ ဆန့်ကျင်ရေးဝါဒီ”အဖြစ် ပိုပြီး ခံယူပါတယ်။ သဘောကတော့ တယောက်ချင်းစီ ထိပ်တိုက်ရင်ဆိုင်တဲ့အခါ ကိုယ်တွေ့အရ အဲ့ဒီနည်းနဲ့ အပြောင်းအလဲပေါ် သူက သက်ရောက်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆိုတော့ တခါတရံမှာ “မသိတတ်ခြင်းက သုခပါပဲ”လို့ သူလက်ခံထားပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူ အတော်လေး အခက်တွေ့ခဲ့ပါတယ်။ ဒီလို နာကျင်မှုတွေကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ပြီး အခုတော့ အဲ့ဒီနာကျင်မှုကို တုံ့ပြန်မှုမပါတဲ့ အပြုသဘောနဲ့နေဖို့၊ တရားအားထုတ်မှုမှာ အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားနေပါတယ်။ 

အချိုးအစားအားဖြင့် အာဖရိကန်နွယ်ဖွား အမေရိကန် အနည်းငယ်သာ တရားအားထုတ်တဲ့ အချက်ကို Wayne က လူမှုရေးမညီမျှမှုအနေနဲ့ မယူဆပါဘူး။ ဥပမာအနေနဲ့ ၁၉၅၀ ခုနှစ်များမှာ လူဖြူတော်တော်များများကလည်း တရားဓမ္မကျင့်ကြံခဲ့ခြင်း မရှိကြောင်းနဲ့ ဒါမှမဟုတ် ရိပ်သာတွေ၊ ဘုန်းကြီးကျောင်းတွေက အဖွဲ့တွေကို စိတ်ကြိုက် ကြိုဆိုနိုင်ရင် အဆင်ပြေပါတယ်လို့ မှတ်ချက်ပေးပါတယ်။ တကယ်တမ်း တရားဓမ္မကို လူမျိုးစုတခုကိုပဲ အထူးတလည် လက်ဆင့်ကမ်းမယ်ဆိုတဲ့ ယူဆချက်ကို သဘောမတွေ့ဘဲ ဒါမျိုးက သဘာဝမကျတဲ့အပြင် တကယ့်ခွဲခြားမှုကို ဖြစ်စေတယ်လို့ သူက ခံစားရပါတယ်။ အာဖရိကန်နွယ်ဖွား အမေရိကန်တွေ (ဆရာကြီး ဦးဂိုအင်ကာ တရားစခန်းမှ ရက်အနည်းဆုံးအနေနဲ့ ဝင်ရတဲ့) (၁၀)ရက်စခန်း ဝင်ဖို့တောင် ရင်ဆိုင်ရတဲ့ စီးပွားရေးနဲ့ ဘာသာရေး အတားအဆီးတွေကို သူလက်ခံပါတယ်။ ဒါက သဘာဝအတိုင်း အဆင့်ဆင့် ပြောင်းလဲသင့်တယ်လို့ သူခံစားမိပါတယ်။ တရားစခန်းကိုလည်း အထူးသဖြင့် လူမည်းယောဂီများအတွက် အစီအစဉ်ဆွဲထားတာက ကောင်းတဲ့ ရည်ရွယ်ချက်ဖြစ်ပေမဲ့ Wayne အတွက် အပြစ်မကင်းတဲ့ ဘက်လိုက်မှုကို ဖော်ပြနေသလိုပါပဲ။ သူ့အသိုင်းအဝိုင်းထဲ တရားဓမ္မ ဘယ်လို ပြန့်ပွားမလဲဆိုတာ ကိုယ်တွေ့ဥပမာအနေနဲ့ သူ့ရဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို မြင်ပြီး စခန်းဝင်ကြတဲ့ သူ့ မိသားစုဝင်တွေ ဘယ်လောက်များသလဲဆိုတာ ပြောပြပါတယ်။ နောက်ဆုံးတော့ Hippie၊ Indian နဲ့ အခြား အသိုင်းဝိုင်းတွေကြားမှာ လက်တွေ့ကျင့်စဉ်တွေ ပျံ့နှံ့နေသလို သူ့အသိုင်းအဝိုင်းကြားမှာလည်း ပျံ့နှံ့သွားလိမ့်မယ်လို့ သူ့မှာယုံကြည်မှု ရှိပါတယ်။

Shwe Lan Ga LayComment