အပိုင်း(၅၄) : မီးရှို့ဖျက်ဆီးခံရခြင်း

အရှင် မောက္ခိတ မထင်မှတ်ထားတဲ့အရာက ကျောင်း မီးရှို့ခံရ၊ မိမိကိုလည်း အမည်ပျက်စာရင်း သွင်းထားခံရပြီး လိုက်လံဖမ်းဆီးနေတော့ မွေးရပ်မြေလို ဖြစ်နေတဲ့ ညောင်ရွှေနားက တောကျကျ ငြိမ်းချမ်းတဲ့ နေရာလေးကနေ အရေးတကြီး ထွက်ခွါဖို့ ဖြစ်ခဲ့ပါပြီ။ ရန်ကုန်အပြန်လမ်းမှာ များပြားလှတဲ့ အစစ်အဆေးတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့ပြီး MAI လေယာဉ်နဲ့ ထွက်ခွါဖို့ အဆင့်မြှင့်ထားတဲ့ လေဆိပ်လုံခြုံရေး ဝင်ပေါက်တွေကနေ အခက်ခဲမရှိ ကျော်ဖြတ်ဖို့ နည်းလမ်း ရှာရပါတယ်။

အခုတော့ ဂျာမနီကို ပြန်ရောက်ပေမဲ့ အရှင် မောက္ခိတ အနေနဲ့ အလွန်စိတ်ကျဉ်းကျပ်စရာ လွတ်မြောက်မှုကနေ ကုစားဖို့နဲ့ ကျန်နေခဲ့တဲ့ မိတ်ဆွေတွေ အခုအန္တရာယ်ကျရောက်နေတာကို စိုးရိမ်ကြောင့်ကြနေပါတယ်။ “ဦးဇင်း ဒေါသထွက်ရာကနေ ကြောက်လန့်သွားခဲ့တယ်။ စိတ်ခံစားမှုက ရိုလာကိုစတာလိုပဲ။ ဦးဇင်း အရမ်းချစ်တဲ့ တိုင်းပြည်ကို ဒီလိုပုံစံနဲ့ မြင်ရလို့ ရင်တွေကွဲရပါတယ်။”

ရွှေနိုင်ငံမှာ သီတင်းသုံးနေတာ တော်တော်ကြာပါပြီ။ ဗမာပြည်အကြောင်းကို ဆရာကြီး ဦးဂိုအင်ကာရဲ့ Dhamma Dvara ဝိပဿနာ တရားစခန်း ဝင်ရောက်စဉ်က ပထမဆုံး ကြားဖူးတာဖြစ်ပါတယ်။  အတွေ့အကြုံတွေက သူ့ဘဝကို ပြောင်းလဲစေခဲ့ပြီး ၁၀-ရက်စခန်း အကြိမ် ၄၀ မက ဝင်ရောက်ကာ ရက်ရှည်အတန်းတွေမှာလည်း အားထုတ်ခဲ့ပါတယ်။ နောက်ဆုံး ဦးဂိုအင်ကာ သင်တန်တွေမှာသာမကသေးဘဲ ဓမ္မကို နက်နက်နဲနဲ လေ့လာချင်တဲ့ စိတ်တွေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဗမာပြည်ကို ထွက်လာခဲ့ပြီး ဆရာတော်တွေကို စတင်ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိမ်ထောင်ဖက်နဲ့ ဆေးဝန်ထမ်းအလုပ်ကို စွန့်လွှတ်ပြီး ဖားအောက်ကျောင်းမှာ ရဟန်းခံကာ ဘဝသစ်စခဲ့ပါတယ်။ 

အင်မတန် ကောင်းမွန်လှတဲ့ နှစ်ကာလတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဗမာဆရာတော်တွေနဲ့ ဒကာ ဒကာမတို့ရဲ့ ရက်ရောမှု သဒ္ဓါတရားတွေကြောင့် ပြန်လည်ပေးဆပ်ဖို့ နည်းလမ်းရှာဖွေချင်ခဲ့တယ်။ မိတ်ဆွေများထံမှ အလှူငွေများ စုဆောင်းနိုင်ခဲ့ပြီး ရေတွင်းတူးခြင်း၊ သန့်စင်ခန်းများ၊ ဘုန်းကြီးကျောင်းတွေမှာ စာသင်ကျောင်း အဆောက်အဦများ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီကနေ မုဒိတာဖောင်တေးရှင်းကို တည်ထောင်ဖို့ ဖြစ်လာခဲ့ပြီး  အရှင် မောက္ခိတ တတ်နိုင်သမျှအားလုံး အားစိုက်လုပ်ဆောင်လာခဲ့ပါတယ်။   

ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ထားတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာခဲ့လို့ ညောင်ရွှေမှာ ဒီပရဟိတအလုပ်ကို အကောင်းဆုံးထိ လုပ်နိုင်ခဲ့တယ်။ ဒီဖောင်တေးရှင်းမှာ တက်ရောက်ချင်တဲ့ ဘယ်သူမဆို အခမဲ့ စာရင်းသွင်းနိုင်ပြီး ပြည့်စုံတဲ့ဘဝနေထိုင်မှုနဲ့ ပညာရေးကိုလည်း ဖန်တီးပေးနိုင်ခဲ့တယ်။ စာသင်ကျောင်းက အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောယှက်ထားတဲ့ ဗုဒ္ဓဘာသာ တရားထိုင်ခြင်း၊ ယောဂ၊ ဥယျာဉ်ခြံလုပ်ခြင်း၊ အချက်အပြုတ်သင်တန်းပေးခြင်း၊ အုတ်ဖုတ်ခြင်း၊ နည်းပြဆရာများ ခေါ်ယူပြီး ကွန်ပျူတာ အစီအစဉ်တွေနဲ့ ပညာရေးကို စောင့်ကြပ်ပေးခြင်းစတာတွေကို လုပ်ပါတယ်။ ဖိအားကြောင့် လုပ်ကိုင်ရတာမျိုးထက် ဒီပြင်ပဗဟုသုတတွေကို အခြေခံအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံထဲ ဂရုတစိုက်ထည့်သွင်းထားလို့ ဗမာလူ့အဖွဲ့အစည်းရဲ့ အဖိုးတန်ဆုံးသော ရှုထောင့်ပေါင်းစုံအတွက် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ် ကပ်ဘေးကာလထဲမှာ မှတ်တမ်းတင်ထားခဲ့တဲ့ အရှင် မောက္ခိတနဲ့ အင်တာဗျူးကို ဒီမှာ နားဆင်နိုင်ပါတယ်။ 

ဒါပေမဲ့ ဦးဇင်းရဲ့အိပ်မက်က တကယ် ပြာကျသွားခဲ့ပြီ။ မီးရှို့တဲ့ တရားခံဘယ်သူဆိုတာ မသိပေမဲ့ ဦးဇင်းက စစ်တပ်နဲ့ ဆက်စပ်တဲ့ တစ်စုံတယောက်ရဲ့ လက်ချက်လို့ သံသယရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့ ဘယ်သူ့ကိုမဆို မီးလောင်မှုနဲ့ စွပ်စွဲဖမ်းဆီးလို့ ရတာကြောင့်ပါပဲ။ ကိစ္စတွေ ပိုရှုပ်ထွေးပြီး ကျောင်းထိုင် ဆရာတော်ကို ဒီမီးရှို့တိုက်ခိုက်ခံရမှုအတွက် သံသယရှိပါတယ်။ ကျောင်းထိုင် ဆရာတော်နဲ့ အစက ဆက်ဆံရေး အဆင်ပြေပေမဲ့ တဖြည်းဖြည်းနဲ့ ဆရာတော်က ထောက်ပံ့လာတဲ့ အလှူတွေအားလုံးကို မျက်စိကျလာတာ ဦးဇင်းသတိထားမိခဲ့တယ်။ အလှူတွေက ကွန်ပျူတာ အလုံး ၁၀၀၊ စာသင်ခန်း အဆောက်အဦတွေ၊ ကျောင်းသားအဆောင်တွေပဲ။ ရှို့မီးက အကြံအကြီးကြီးရဲ့ တစိတ်တပိုင်းသာဖြစ်ပြီး ပိုင်ဆိုင်မှုတွေကို ရယူလိုတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

တကယ်တမ်း ရဟန်းတပါးက အဖျက်အဆီးထဲပါဝင်နေပြီး ဘုန်းတော်ကြီးစာသင်ကျောင်းကို သိမ်းယူမယ်ဆိုတာက အရှင် မောက္ခိတ အတွက်တော့ ဆိုးရွားလှတဲ့ ဖြစ်စဉ်တခုပါ။ ပိုပြီး စိုးရိမ်စရာက စစ်တပ်အာဏာသိမ်းတဲ့ထဲ ဘုန်းကြီးတွေရဲ့ကဏ္ဍ တာဝန်ယူမှုအတိုင်းအတာကို အရေးတကြီး စိစစ်ဖို့ လိုအပ်နေပါပြီ။ ဒါတွေအားလုံးထက် လက်ရှိအကျပ်အတည်းနဲ့ ပတ်သက်တဲ့ ဒီစိုးရိမ်စရာတွေအတွက် မြန်မာပြည်မှာ ဘုန်းကြီးတွေရဲ့ ဩဇာအာဏာကို ကောင်းကောင်း အသိအမှတ်ပြုဖို့ အလွန်အရေးကြီးနေပြီလို့ ထင်ပါတယ်။ “သူတို့ကို အလွန်ကြည်ညိုလေးစားကြတာ၊ နိုင်ငံရေး ခေါင်းဆောင်တွေကအစ လာပြီး အကြံဉာဏ်ယူရတာ၊ သေချာတာက လူ့အသိုင်းအဝိုင်းထဲမှာ ဘုန်းကြီးတွေက ရွာတွေ ဒါမှမဟုတ် မြို့တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ သူတို့တွေက အမြဲ အကြီးအကဲတွေဖြစ်ပြီးတော့ အလွန်အရေးကြီးတဲ့နေရာကနေ ပါဝင်ကြရတာ။ ဘုန်းကြီးတွေက ဘာပြောပြော အများသောအားဖြင့် ဒကာ ဒကာမတွေက နားထောင်ကြတာ။” ဆိုတော့ ဒီအချိန်မှာ ဘုန်းကြီးတွေ ဘာမိန့်သင့်ပါသလဲ? 

ရဟန်းတော်တပါးအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်အမြင်ကို ပြောပါဆိုရင် “လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုယ့်ဘဝအစီအစဉ် ဒါမှမဟုတ် ကိုယ်နဲ့အတူနေမည့်သူ ဒါမှမဟုတ် ကိုယ့်ဘဝထဲက အခြေအနေတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ဒီမိုကရေစီအနှစ်သာရတွေကို မျှဝေခြင်းနဲ့ ပတ်သက်လို့ တာဝန်သိစိတ်လေး” ရှိသင့်တယ်လို့ ယုံကြည်ပါတယ်။ စိတ်ရဲ့လွတ်လပ်မှု၊ နှိပ်စက်ခံရမှုကနေ လွတ်မြောက်မှု၊ အသတ်ခံရမယ်ဆိုတဲ့ အကြောက်တရားက လွတ်မြောက်မှု စတာတွေကို တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။ ဒါကြောင့်မို့ ရဟန်းတော်တွေလည်း မှန်ကန်တဲ့ ဘက်မှာ ရပ်တည်သင့်တယ်။ ဆန္ဒပြပွဲ မသွားရင်တောင်မှ မိမိတို့ အသိုင်းအဝိုင်းထဲ မှန်ကန်တဲ့အရာကို ထောက်ပြသင့်တယ်။” ဒါပေမဲ့လည်း အရှင် မောက္ခိတရဲ့အမြင်အရ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်မှုက သံဃာ့တော်တို့ မြင်တွေ့လိုတဲ့ ပြင်းထန်ခိုင်မာတဲ့ ရပ်တည်ချက်ကို သူကိုယ်တိုင်လည်း မတွေ့ရပါဘူး။ 

အခုတော့ ဂျာမနီမှာ အန္တရာယ်ကင်းကင်း သီတင်းသုံးနိုင်ပြီဆိုပေမဲ့ စိတ်ထဲမှာ ဆုံးရှုံးရတာတွေ၊ အကြမ်းဖက်မှုနဲ့ အကြောက်တရားတွေကို ခံစားနေရသေးတယ်။ ဒီမှာ သတိပဌာန်တရား အားထုတ်ထားမှုတွေက အထောက်အကူပေးပါတယ်။ ဥပမာ ဆိုးတဲ့စိတ်ခံစားမှုတွေကို စွန့်လွှတ်လိုက်ပြီး နှလုံးခုန်မြန်တာ ချွေးစေးပြန်တာတွေကို စောင့်ကြပ်ကြည့်ရှုလိုက်တာနဲ့ စိတ်တည်ကြည်မှု ပြန်ရပါတယ်။ ဒါပေမဲ့ မျိုးဆက်တခု ရှေးဆက်တိုးတက်နေတာကို အဓိပ္ပါယ်မဲ့စွာ ဖျက်ဆီးခံလိုက်ရတဲ့အခါ ခံစားရတဲ့ ဝမ်းနည်းမှုက တော်တော်လေးကြီးမားပါတယ်။ အဲ့ဒီက အလုပ်လက်မဲ့ အိမ်မဲ့အိုးမဲ့ ဖြစ်သွားကြတဲ့ ဆရာဆရာမဟောင်းတွေကို ကူညီထောက်ပံ့ချင်ရင် ကျေးဇူးပြုပြီး ဒီနေရာမှာ လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။    

ဒီမျိုးဆက်သစ်လေးတွေက အတောင်ပေါက်စ ငှက်ကလေးလို ပျံသန်းဖို့ ပထမဆုံးခြေလှမ်းကို ကြိုးစားနေကြတာလို့ သူ့မိတ်ဆွေတဦးရဲ့ ပြောပြချက်ကို ဆရာတော်က ညွှန်းဆိုပါတယ်။ “အခုတော့ စစ်တပ်ဝင်လာပြီး သူတို့ရဲ့အတောင်လေးတွေ အချိုးခံရလို့ သူတို့အနာဂတ်တခုလုံး ဆုံးရှုံးသွားပြီ။ ဒါကို ဦးဇင်း လုံးဝ နားလည်တယ်။ ဦးဇင်းလည်း ဗမာလူငယ်တယောက်ဆိုရင် သူတို့လိုပဲ လုပ်မိလိမ့်မယ်။ ဒီမိုကရေစီအတွက် အဆုံးထိ တိုက်ဖို့ကလွဲလို့ ဘာမှမရှိဘူး။ လုံးဝနားလည်တယ်။ အစကတော့ ယုံကြည်မှု၊ စည်းလုံးမှုနဲ့ ပွင့်လင်းမှုတွေနဲ့။ အခုကျတော့ အကြောက်တရားနဲ့ တောက်လျှောက် နေရတယ်...သူတို့က စစ်ထရပ်ကားကြီးတွေနဲ့လာမယ်၊ အချိန်မရွေး ခေါင်းကိုပစ်မယ်၊ ဖမ်းမယ်၊ ထိန်းသိမ်းထားမယ်၊ နှိပ်စက်ညှင်းပန်းမယ်... အချိန်မရွေးဘဲ၊ လမ်းပေါ်က ဘယ်သူ့ကိုမဆို၊ သင်္ကန်းစီးထားတဲ့ ရဟန်းတော်ကိုတောင်မှပေါ့။ အကြောက်တရားထဲမှာ တောက်လျှောက် နေနေရပြီဆိုတာ စိတ်ကိုညှင်းပန်းနေတာ ပြီးတော့ ဘဝအရည်အသွေးတွေ ဆုံးရှုံးရပြီ။ နောက်ပြီး သူလျှိုတွေကလည်း များတယ်၊ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလို့မရပြန်ဘူး။ တိုင်းပြည်ထဲမှာလည်း ပြည်သူတွေကြား မယုံကြည်မှုတွေ ရှိနေပြီး ဒါကလည်း လူ့အဖွဲ့အစည်းကို အများကြီး ထိခိုက်စေတယ်။”

Shwe Lan Ga LayComment