ကယားပြည်နယ် - ထွက်ပြေးနေရတဲ့ပြည်သူလူထု

စာမျက်နှာပေါ်ကစကားလုံးတွေ၊ ကွန်ပြူတာ screen ပေါ်ကပုံရပ်တွေ၊ စမတ်ဖုံးပေါ်က မိုးသဲသဲမှာ ရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ တနေ့တခြားပိုမိုဆိုးဝါးလာတဲ့ သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ အခြေအနေတွေကို  အင်တာနက်လိုင်းတွေပေါ်ကတစ်ဆင့် ပီပြင်အောင်ဖေါ်ပြဖို့ဆိုတာ မလွယ်ကူပေမဲ့ ကျွန်တော်တို့ ကြိုးစားပြီး တင်ပြနေပါတယ်။ စစ်ကောင်စီရဲ့ စစ်တပ်က အပြစ်မဲ့အရပ်သားတွေကို ရက်စက်စွာ ဆက်လက်ချေမှုန်းနေတဲ့အတွက် ကျွန်တော်တို့ဆီကို အရေးပေါ်အသနားခံတာတွေ တိုးသထက်တိုးရောက်လာနေကြပါတယ်။ လမ်းလယ်ခေါင် အများပြည်သူကို ကွပ်မျက်သတ်ဖြတ်မှုတွေ ကျဆင်းလာပေမဲ့  စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်တာ၊ ရိက္ခာထောက်ပံ့ရေးပစ္စည်းတွေ လမ်းကဖြတ်ဖမ်းပြီး မီးရှို့ဖျက်စီးပစ်တာနဲ့ ရေဖြတ်တောက်တာ၊ ပြန်ပေးဆွဲတာနဲ့ နှိပ်စက်ညှဉ်းပန်းတာ၊ မြို့လုံးကျွတ်လူထုကို တောတောင်တွေထဲ တွန်းပို့တာတွေကို ပိုသဘောကျ အသုံးချလာပါတယ်။ မိုးရာသီ ရောက်လာတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ရာသီဥတုဆိုးဝါးမှုက သူတို့ရဲ့ ဒုက္ခကို ပိုမိုကြီးမားစေခဲ့ပါတယ်။

ကယားဒေသတစ်ဝှမ်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်းနဲ့  အဆက်အသွယ်ရဖို့  ရက်ပေါင်းများစွာ ကျွန်တော်တို့ ကြိုးစားနေရင်း နောက်ဆုံးမှာတော့ သူမ ဆီကမက်ဆေ့ချ် ဒီနေ့ဝင်လာပါတယ်။ သူမ ရတဲ့အချိန်တိုတိုလေးအတွင်းမှာ အောက်ပါဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို မျှဝေသွားခဲ့ပါတယ်။

မိတ်ဆွေတို့လှူဒါန်းနိုင်သမျှ ရန်ပုံငွေကို  သူမ တောင်းထားတဲ့ ပစ္စည်းတွေဝယ်ယူဖို့နဲ့ သယ်ယူပို့ဆောင်ရေး အတွက်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။  


“ကျမ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်အကြား ထောင်နဲ့ချီတဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDP) တွေကိုတွေ့နေရပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလဲ အများကြီးပါပါတယ်။ မိုးရာသီဝင်လာပြီဆိုတော့ တနေ့က မိုးအကြီးအကျယ် ရွာလို့ မိုးထဲရေထဲ ပိုပြီး ဒုက္ခရောက်ရပါတယ်။ အရေးပေါ် ဆန်၊ အခြောက်အခြမ်းနဲ့ ၀မ်းလျှောရောဂါ၊ အအေးမိတာတွေအတွက် ဆေးဝါးတွေ အမြန်လိုအပ်နေပါတယ်။ ပုံထဲမှာ တွေ့ရတဲ့အတိုင်း တချို့နေရာတွေမှာ တောထဲရတဲ့ရေတွေက ရေနီတွေ။ ရေသန့်စင်တဲ့ ဆေးတွေလဲ အရေးတကြီး လိုအပ်နေပါတယ်။ ”

Shwe Lan Ga Lay